KDP ပါတီ လူထု မဲဆွယ်စည်းရုံးရေး စတင်

KDP ပါတီ လူထု မဲဆွယ်စည်းရုံးရေး စတင်
by -
ကချင်သတင်းဌာန
ကချင်ဒီမိုကရက်တစ်ပါတီ KDP သည် လာမည့် နိုဝင်ဘာလ(၈)ရက်နေ့ ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းများ အားလုံး ၎င်းတို့နေရာဒေသ အသီးသီးတွင် လူထု မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ စက်တင်ဘာ(၈)ရက်မှ စတင်လိုက်ပြီဖြစ်ကြောင်း KDP ပါတီ ဥက္ကဌ ဦးကွမ်ဂေါင် အောင်ခမ်းက ကချင်သတင်းဌာန KNG သို့ ပြောသည်။

KDP က ကချင်ပြည်နယ်အတွင်း နိုင်ငံရေးပါတီများ ယှဉ်ပြိုင်ရမည့် မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော် (၁၈)နေရာမှ (၇)နေရာ၊ အမျိုးသားလွှတ်တော် (၁၂)နေရာမှ (၃)နေရာနှင့် ကချင်ပြည်နယ်လွှတ်တော် (၃၆)နေရာမှ (၂၂)နေရာ စုစုပေါင်း(၃၂)နေရာအတွက် ယှဉ်ပြိုင်မည်ဖြစ်သည်။

ကချင်ပြည်နယ်ရှိ မြို့နယ်(၁၈)ခုတွင် (၁၃)မြို့နယ် (မိုးညှင်း၊ မိုးကောင်း၊ ရွှေကူ၊ နောင်မုန်းနှင့် ခေါင်လန်ဖူး မြို့နယ်များမှ အပ ကျန်မြို့နယ်အားလုံး) တွင် KDP ယှဉ်ပြိုင်မည်ဖြစ်သည်ဟု ဦးအောင်ခမ်းက ပြောသည်။

KDP က ကချင်ပြည်သူများ လိုလားချက်နှင့် တိုက်ရိုက်သက်ဆိုင်နေသည့် ၎င်း၏ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ရေးနှင့် သံယံဇာသ စီမံခွဲဝေရေး ပေါ်လစီများကို ရှေ့တန်းတင် လူထု မဲဆွယ်စည်းရုံးသွားမည်ဖြစ်သည်ဟု ဆိုသည်။

နိုင်ငံတော် အာဏာရ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သို့မဟုတ် စစ်တပ်နှင့် ဆက်နွယ်မှု ကင်းသော ကချင်ပြည်နယ် ကချင်အမျိုးသား နိုင်ငံရေးပါတီ(၃)ခုတွင် KDP သည် အခြား နိုင်ငံတော်အဆင့်နှင့် ပြည်နယ်အဆင့်ရှိ ပါတီပေါင်း (၁၀)ခုကျော်နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ထိုကြောင့် ရွေးကောက်ပွဲ အောင်မြင်ရေး အလားအလာပေါ် ပါတီ ဥက္ကဌ ဦးအောင်ခမ်းက ယခုလို သုံးသပ်ပြောဆိုသည်။

“ဘယ်လောက်နိုင်မလဲ ပြောဖို့ ခက်ပါတယ်။ ဒါပေမယ့် ပြည်သူလူထုတွေ ဘယ်လောက် ကျနော်တို့ကို ထောက်ခံကြမယ်။ ဘယ်လောက် ကျနော်တို့ကို အားပေးကြမယ် ဆိုတဲ့ကိစ္စပေါ် အဓိက ကျလိမ့်မယ်။ ကျနော်တို့ များများနိုင်မယ်လို့ တွက်ထားတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ပြည်သူ့လူထုအတွက် ကျနော်တို့ ကချင်ဒီမိုကရက်တစ်ပါတီဟာ အလုပ်လုပ်ပေးမယ့် ပါတီ ဖြစ်တာကြောင့် လူထုတွေ ထောက်ခံအားပေးကြမယ်လို့ ကျနော်တို့ ယုံကြည်တယ်။”ဟု ဦးအောင်ခမ်းက ပြောသည်။

မြစ်ကြီးနားမြို့တွင် စက်တင်ဘာ(၁)ရက်မှ (၅)ရက်နေ့အထိ ပထမအကြိမ် ကျင်းပသည့် KDP ပါတီ မျက်နှာစုံညီအစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် (၁၇)ဦးနှင့် ဗဟိုကော်မတီဝင် (၅၅)ဦးကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း ပါတီထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူ့လွှတ်တော်နေရာအတွက် ဆွမ်ပရာဘွမ်မြို့နယ်မှ ယှဉ်ပြိုင်မည့် ပါတီ ဥက္ကဌ ဦး အောင်ခမ်း သည် ယနေ့ မြစ်ကြီးနားမှ ဆွမ်ပရာဘွမ်သို့ လူထုစည်းရုံးရေးခရီး ထွက်ခွာသွားမည်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲ လူထုစည်းရုံးရေးများ စတင်နေသော်လည်း ၂၀၁၁ ခုနှစ်မှ မြန်မာအစိုးရနှင့် ကချင်လွတ် မြောက်ရေးအဖွဲ့ KIO ကြား ပြန်လည်ဖြစ်ပွားသော ပြည်တွင်းစစ်ကြောင့် စစ်ဒဏ်ခံနေရသည့် ကချင် ပြည်သူလူထု အများစုက တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ကိစ္စပေါ် ပိုပြီး စိတ်ဝင်စားမှုရှိနေကြောင်း ကချင်နိုင်ငံရေး သုံးသပ်သူများက ပြောဆိုနေကြ သည်။

မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ တစ်ချို့လမ်းကြားနေရာတွေမှာတွေ့ရစဉ်။
May 20, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို...
May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...