နိုင်ငံပေါင်း ၁၁ နိုင်ငံမှအဖွဲ့အစည်းများ မြန်မာ့အရေးတောင်းဆိုချက်များကို UN နှင့် EU ထံ ပေးပို့

နိုင်ငံပေါင်း ၁၁ နိုင်ငံမှအဖွဲ့အစည်းများ မြန်မာ့အရေးတောင်းဆိုချက်များကို UN နှင့် EU ထံ ပေးပို့

နော်ဝေနိုင်ငံအခြေစိုက် မြန်မာ (CRPH) အထောက်အကူပြုအဖွဲ့က ဦးဆောင်၍ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ မြန်မာအဖွဲ့အစည်းများနှင့် ဒီမိုကရေစီမိတ်ဖက်အဖွဲ့များ၏ ပူးတွဲတောင်းဆိုချက်ပါဝင်သည့် “မြန်မာ့လွတ်မြောက်မှုအတွက် ပြည်သူ့အသံ” (Voices for Myanmar Freedom) ထုတ်ပြန်ချက်ကို ကုလသမဂ္ဂ (UN) နှင့် ဥရောပသမဂ္ဂ (EU) ၏ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများထံ ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်ကို ဇွန်လ ၂၀ ရက်က နော်ဝေနိုင်ငံတွင် ကျင်းပခဲ့သည့် ဥရောပရောက် မြန်မာအဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့များ၏ အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၊ ဥရောပပါလီမန်၏ လူ့အခွင့်အရေးဆပ်ကော်မတီ (DROI) နှင့် အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (DASE) ထံသို့ တိုက်ရိုက်ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်ကို တဦးချင်းထောက်ခံသူ ၉၁ ဦးနှင့် အဖွဲ့အစည်း ၉၀ တို့က ပူးတွဲလက်မှတ်ရေးထိုးထားကြောင်း သိရသည်။

တောင်းဆိုချက်များတွင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို ခြွင်းချက်မရှိ လွှတ်ပေးရန်၊ စစ်အုပ်စုအား တရားဝင်မှုရရှိစေနိုင်သည့် နိုင်ငံရေး၊ သံတမန်ရေးနှင့် စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်များကို ရှောင်ကြဉ်ရန်နှင့် မြန်မာပြည်သူများ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ တောင်းဆိုမှုများကို ဆက်လက်ပံ့ပိုးပေးရန် စသည့်အချက်များ ပါဝင်သည်။

မြန်မာ (CRPH) အထောက်အကူပြုအဖွဲ့ (နော်ဝေ) ၏ အထွေထွေအတွင်းရေးမှူး ဒေါ်ဝတ်မှုန်ဝင်းက ယခုတင်သွင်းမှုသည် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ နိုင်ငံတကာအဖွဲ့အစည်းများ၏ အာရုံစိုက်မှုနှင့် ပံ့ပိုးကူညီမှုများ ဆက်လက်ရရှိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောသည်။

ထုတ်ပြန်ချက်နှင့်အတူ ပူးတွဲထောက်ခံလက်မှတ်များ၊ အစည်းအဝေးမှတ်တမ်းဓာတ်ပုံများနှင့် သက်ဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကိုလည်း ပေးပို့ထားကြောင်း သိရသည်။

မြန်မာ (CRPH) အထောက်အကူပြုအဖွဲ့ (နော်ဝေ) သည် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လှုပ်ရှားမှုများအတွက် နိုင်ငံတကာရှိ မြန်မာကွန်ရက်များနှင့် ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့အစည်းတခုဖြစ်ကြောင်း သိရသည်။

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...