သံဃာတော်တစ်ပါး သတ်ဖြတ်ခံရမှုအပေါ် ကရင်လက်နက်ကိုင်အဖွဲ့များ အထူးခုံရုံးဖွဲ့စစ်ဆေးမည်

သံဃာတော်တစ်ပါး သတ်ဖြတ်ခံရမှုအပေါ် ကရင်လက်နက်ကိုင်အဖွဲ့များ အထူးခုံရုံးဖွဲ့စစ်ဆေးမည်
by -
ကေအိုင်စီ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း ယမန်နှစ်က အသတ်ခံခဲ့ရသည့် ကျောင်းထိုင်ဆရာတော်တစ်ပါး သတ်ဖြတ်ခံရမှုတွင် ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ အဖွဲ့ဝင်အချို့ ပါ၀င်ပတ်သက်နေသည့်အပေါ် အရေးယူ အပြစ်ပေးနိုင်ရန် ကရင်လက်နက်ကိုင် (၄)ဖွဲ့ ပါ၀င်သည့် အထူးခုံရုံးတရားစီရင်ရေးအဖွဲ့ကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၇)နယ်မြေတစ်နေရာတွင် ဧပြီလ ၂၀ရက်နေ့က ဖွဲ့စည်းလိုက်သည်။

အထူးခုံရုံး တရားစီရင်ရေး အဖွဲ့ခေါင်းဆောင်ဖြစ်သူ KNU မှ ပဒိုစောအားတိုးက “ကျနော်တို့အနေနဲ့ အရင်က တချို့လက် လှမ်းမမှီလို့ မဖြေရှင်းနိုင်ခဲ့တဲ့ အပိုင်းတွေရှိခဲ့တယ်။ နောက်ပြီး ဒီအမှုမှာ ပြည်သူလူထုကရော၊ ရဟန်းသံဃာတွေကပါ မကျေမနပ်နဲ့ စိတ်မကောင်းမှုတွေ ဖြစ်ပေါ်လာတဲ့အပေါ်မှာ ဒါကို တရားဥပဒေအတိုင်း ဖြေရှင်းအပြစ်ပေးနိုင်ဖို့ အခုလို ဖွဲ့လိုက်တာ ဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယင်းသို့ ဖွဲ့စည်းရာတွင် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ပဒိုစောအားတိုး၊ ဗိုလ်မှူးကြီးစောဖောဒို၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ-KNU/KNLA (PC)မှ ဗိုလ်ချုပ်စောရင်နုနှင့် ဗိုလ်မှူးလေးစိုး၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်နယ် ခြားစောင့်တပ်(BGF)များမှ စုစုပေါင်းအဖွဲ့ (၉)ဦး ပါ၀င်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၄ခုနှစ်၊ အောက်တိုဘာ ၁၈ရက်နေ့က ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ပိုင်ကျံုမြို့နယ်ခွဲရှိ မယ်လရွာသစ်တွင် သီတင်းသုံး ကျောင်းထိုင်ခဲ့သည့် သက်တော် ၆၈နှစ်၊ ၀ါတော် ၁၉၀ါရှိ ဆရာတော်ဦးကုသာလကို KNU/KNLA (PC)မှ ဗိုလ်အဆင့်ရှိသူတစ်ဦး ပါ၀င်သော တပ်ဖွဲ့ဝင် ၅ဦးက သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။

သစ်ခုတ်မှုနှင့် စပ်လျဉ်းသည့် ယင်းလူသတ်မှုတွင် ပါ၀င်ပတ်သက်သူ အဆိုပါ (၅)ဦးကို KNU တပ်မဟာ (၇) နယ်မြေတွင် ထိန်း သိမ်းကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း ၎င်းအထဲမှ စောတာဝါးဆိုသူမှာ အပြင်ထုတ် အလုပ်စေခိုင်းနေစဉ် ထွက် ပြေးလွတ်မြောက်သွားသဖြင့် ပြန်လည်ဖမ်းဆီးနိုင်ရန် ဖမ်းဝရမ်း ထုတ်ပြန်ထားသည်ဟု သိရသည်။

ထို့အပြင် အမှုစစ်ဆေးစီရင်ရာတွင် တရားမျှတမှုရှိမရှိကို မြဝတီမြို့ရှိ တောင်ကလေးအေးရိပ်သာကျောင်းတိုက်ဆရာတော် ဦးအဂ္ဂဝံသနှင့် မတ်စမိတ် ကျောင်းတိုက်ဆရာတော် ဦးစန္ဒရတို့အား စောင့်ကြည့်လေ့လာသူများအဖြစ်ထားရှိပြီး အဆိုပါအမှုကို KNU မှ ပြဋ္ဌာန်းထားသည့် ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။

အထူးခုံရုံး တရားစီရင်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်သူ KNU/KNLA(PC) မှ ဗိုလ်ချုပ်စောရင်နုက “အခုကတော့ မပြီးသေးဘူး။ ကျနော် တို့ အကုန်လုံး ပြန်လိုက်ပြီးမှ စီရင်ချက်ချမှာ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဧပြီလ ၁၀ရက်နေ့ကလည်း အဆိုပါ အထူးခုံရုံးအဖွဲ့တွင် ပါ၀င်သည့် ကရင်လက်နက်ကိုင်အဖွဲ့ဝင်များက မြဝတီမြို့ရှိ KNU ဆက်ဆံရေးရုံးတွင် ၎င်းအမှုကိစ္စနှင့်ပတ်သက်၍ အပြစ်ပေး အရေးယူနိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သေးသည်။

မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ တစ်ချို့လမ်းကြားနေရာတွေမှာတွေ့ရစဉ်။
May 20, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို...
May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...