တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် နှစ်ဘက်သဘောတူမှု ရသော်လည်း တိုက်ပွဲများ မရပ်သေး

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် နှစ်ဘက်သဘောတူမှု ရသော်လည်း တိုက်ပွဲများ မရပ်သေး
by -
မဇ္ဈိမ
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေချိန်တွင် တပ်မတော်သည် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ တအာင်း တပ်မတော် (TNLA)တို့နှင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်မည့် အခြေအနေတွင် ရှိနေသည်ဟု သိရသည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း (KIA) နယ်မြေတွင် မတ်လ ၃၀ရက်က အစိုးရ စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်နေဆဲဖြစ်သည်ဟု KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ တပ်ရင်းမှူး ဗိုလ်မှူးဂျွန်းအောင်က ပြောသည်။

“ဒီမနက်တော့ မဒန်ယန်ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ ခုန သုံးနာရီလောက်မှာလည်း ဟတ်စကီး တစ်စီး လာသွားတယ်။ ပစ်တော့ မပစ်သွားဘူး၊ ဒီနေ့ တိုက်ပွဲတော့ မဖြစ်သေးဘူး။ မနေ့က မထက်ဒူးခူဘက်မှာ စစ်ကြောင်း ၅ ၊ ၆ ကြောင်းလောက် ဝင်နေတယ်။ ကျွန်တော်တို့ နယ်မြေထဲ ဝင်လာတယ်ဆိုတော့ သူတို့ဘက်က မထွက်မချင်းတော့ တိုက်ပွဲတော့ ရပ်မယ့် အခြေအနေ မရှိဘူး”ဟု ၎င်းက မတ်လ ၃၀ရက်က ပြောသည်။

မတ်လ ၂၉ ရက်ကမူ အစိုးရ စစ်တပ်ဘက်မှ စစ်ကြောင်းများ တပ်ရင်း ၂၇ နယ်မြေသို့ ထိုးစစ်ဆင်လာသဖြင့်  မထက်ဒူးခိုကျေးရွာ တွင် နှစ်ဘက် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၁ ရက်မှစတင်၍ အစိုးရ စစ်တပ်ဘက်မှ တပ်ရင်း ၆ ရင်း အင်အား ၅၀၀ ခန့်သည် KIA ၏ တပ်ရင်း ၂၇ နယ်မြေအတွင်း လှုပ်ရှားနေဆဲ ဖြစ်သည်ဟု ဆိုသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းတပ်မတော် (TNLA) တပ်နှင့် အစိုးရ စစ်တပ်တို့ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့နယ်ခွဲ၊ မုံးစီးကျေးရွာနှင့် နမ့်မောကျေးရွာကြားတွင် မတ်လ ၂၉ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး  အစိုးရ စစ်တပ်က အင်အားဖြည့် ထိုးစစ်ဆင်လာနေသဖြင့် တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်မည့် အလားအလာ ရှိသည်ဟု TNLA ၏ ပြန်ကြားရေး တာဝန်ခံ မိုင်းအိုက်ကျော်က ပြောသည်။

“ဒီနေ့တိုက်ပွဲတော့ မရှိဘူး။ မနေ့ကတော့ တိုက်ပွဲ ညနေထိ ဖြစ်တယ်။ တပ်မတော်ဘက်က တော်တော်များများ အင်အားတိုးသေးတယ်။ မနေ့ကလည်း အဲဒီတိုက်ပွဲဖြစ်တဲ့ဘက် အင်အား ၂၀၀ ကျော် ထပ်ဖြည့်တယ်။ နမ့်ခမ်း မြို့နယ်ဘက်လည်း အင်အား ၂၀၀ ကျော်အထက် ရောက်လာတယ်။ စစ်တပ်က လျော့သွားတာ မရှိဘူး။ ဒီ ထိုးစစ်အတိုင်းဆို တိုက်ပွဲက လျော့မယ့် အလားအလာမရှိဘူး”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။  

လက်ရှိတွင် တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA) ကို အစိုးရ နှင့် တစ်နိုင်ငံလုံး အပစ်ရပ် ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဆွေးနွေးနေရာ မတ်လ ၃၀ ရက်တွင် စာချုပ်ပါ အချက်အားလုံး သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တို့အကြား နှစ်ဘက် ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးနေချိန်တွင် မြေပြင်တိုက်ပွဲသာမက ဝေဟင် စစ်ဆင်ရေးများပါ တိုးမြင့်လာသဖြင့် တိုက်ပွဲများ ရပ်တန့်ရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က မတ်လ ၂၈ ရက်က သဘောထားထုတ်ပြန်ခဲ့သည်။

January 19, 2026
ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေးသူငယ် ၇ ဦးနဲ့...
January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...