မင်းတပ်မြို့၌ အမျိုးသမီးတစ်ဦး လက်တဖက် ဓါးဖြင့်ခုတ်သည့်အမှု ပြန်လည်တိုင်တန်းမည်

မင်းတပ်မြို့၌ အမျိုးသမီးတစ်ဦး လက်တဖက် ဓါးဖြင့်ခုတ်သည့်အမှု ပြန်လည်တိုင်တန်းမည်
by -
ခိုနူမ်းထုန်
ချင်းပြည်နယ် မင်းတပ်မြို့တွင် ပြီးခဲ့သည့် ဧပြီလက အမျိူးသမီးတစ်ဦး၏  လက်တဖက် ဓါးဖြင့် ခုတ်ခံရ သည့်ကိစ္စနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူအား ထိထိရောက်ရောက်အရေးယူမှုမရှိသည့်အတွက် ပြန်လည်တိုင်တန်းသွားမည်ဟု သိရသည်။

မင်းတပ်မြို့နေ ဦးလောဟုန်းဟာသည် ဇနီးသည်ဖြစ်သူ ဒေါ် နိန်အွယ်၏ ဘယ်ဘက်လက်ကို ဧပြီလ (၂၄) ရက်နေ့က ဓါးဖြင့် နှစ်ကြိမ်တိုင်တိုင် ခုတ်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာအာဏာပိုင်များမှ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိသော်လည်း တစ်ညသာအချူပ်ထဲထည့်ထားပြီး ပြန်လွတ်ပေးသည့်အတွက် ပြန်လည်တိုင်တန်းရန် စီစဉ်နေခြင်းဖြစ်သည်ဟု ဓါးဖြင့်အခုခံရသည့် ဒေါ်နိန်အွယ်၏ ၀မ်းကွဲမောင် ဦး ဟုန်းနီကပြောသည်။

“အခင်းဖြစ်ပွါးပြီး (၄) ရက်ကြာမှ တရားခံကိုဖမ်းတယ်၊ အချုပ်ထဲမှာ တစ်ညချုပ်ပြီး မနက်ဖြန်မှာ ပြန်လွတ် လာတယ်။ ကျနော့အထင်ကတော့ တာဝန်ရှိသူတွေက သူ့ကို အကာအကွယ်ပေးတယ်လို့ဘဲ ထင်တယ်။ အရင်တခါ တိုင်ပြီးပြီ အရေးမယူတော့ အခုပြန်တိုင်ဖို့ စီစဉ်တာဖြစ်တယ်” ဟု ဦး ဟုန်းနီက ခိုနူမ်းသုန်ကို ပြောပြသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မေလ (၆) ရက်နေ့စွဲဖြင့် မင်းတပ်မြို့ မြို့မရဲစခန်းမှူးကို လိပ်မူပြီး မိတ္တူကို ၀န်ကြီးချုပ်၊ ချင်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ် ရဲတပ်ဖွဲ့မှူးနှင့် မင်းတပ်မြို့နယ် ရဲတပ်ဖွဲ့မှူးတို့ ပေးပို့ကာ တိုင်ကြားခဲ့ သော်လည်း ယခုထိ အရေးယူပေးမှုမရှိသည့်အတွက် ဒုတိယအကြိမ် ပြန်လည်တိုင်တန်းရန် စီစဉ်နေကြခြင်းဖြစ်သည်။

အခင်းဖြစ်ပွါးစဉ် ဦးလောဟုန်းဟာ၏ ခယ်မတော်သူ ဒေါ်အွမ်လီနှင့် သမီးတော်သူ မဟာလီတို့က ဒေါ် နိန်အွယ် ၏ လက်နှစ်ဖက်ကို ဆွဲစဉ် ဦးလောဟုန်းဟာက တံထောင်ဆစ်ကို ဓါးဖြင့်ဖြတ်ခုတ်ခြင်းဖြစ်သည်ဟု ၄င်းတို့၏ တိုင်ချက်တွင် ဖေါ်ပြထားသည်။

ဒဏ်ရာရသည့် ဒေါ်နိန်အွယ်ကို မင်းတပ်မြို့ ပြည်သူ့ဆေးရုံ၌ ကုသပြီး မန္တလေးမြို့ အရိုးကျိုးအထူးကုဆေးရုံ တွင် ဆက်လက်ကုသမှုခံယူခဲ့ကြောင်း၊ ၂၀၁၇ခုနှစ် ဇွန်လ (၂၇) ရက်နေ့တွင် ဒုတိယအကြိမ် ပြန်လည်ကုသ ရန် ချိုန်းထားကြောင်း သိရသည်။

“အရိုးပဲ့ထွက်သွားပြီ ဆိုတော့ သာမန်တော့ ဖြစ်နိုင်တော့မယ်မထင်ဘူး။ သူမ စိတ်ချမ်းသာအောင် ကုသပေး နေတာပါ။ အနာ သက်သာရင်လည်း ဒုက္ခိတ ဘာဝဘဲ ဖြစ်လာတော့မှာပါ။ အခုထိ ဆေးရုံတက်ခ၊ သွားလာစရိတ်နဲ့ဆိုရင် ကျပ်ငွေ (၁၆) သိန်းလောက်ကုန်ကျပြီ” ဟု ဦးဟုန်းနီက ဆိုသည်။

ယခုတိုင်တန်းမည့်စာကို ပြည်နယ် ၀န်ကြီးချုပ်၊ ချင်းပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ အစိုးရ၏ တာဝန်ခံချက်များ၊ တိုင်စာများ ကတိကဝတ် သနားခံစာများ၊ စီစစ်ရေးကော်မတီ၊ ခရိုင် စီမံခန့်ခွဲမှု ကော်မတီ၊ ချင်းအမျိုးသမီးအဖွဲ့ချုပ်၊ ချင်းလူ့အခွင့်အရေးအဖွဲ့အစည်းတို့ထံ ပေးပို့မည်ဖြစ်ကြောင်း သိရသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...