(၇၁) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား သရုပ်ပြပွဲနဲ့အတူ ဟားခါးမြို့တွင် ကျင်းပ

(၇၁) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား သရုပ်ပြပွဲနဲ့အတူ ဟားခါးမြို့တွင် ကျင်းပ
by -
ခိုနူမ်းထုန်
(၇၁) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို သရုပ်ပြပွဲနဲ့အတူ ချင်းပြည်နယ်မြို့တော် ဟားခါးရှိ အမှတ် (၁) အခြေခံ ပညာအထက်တန်းကျောင်း ဗိုလ်တိုက်ချွန်းခန်းမတွင် ယနေ့ မေလ ၅ ရက်နေ့တွင် ကျင်းပခဲ့ သည်။

အဆိုပါ အခမ်းအနားကို ဧည့်သည်တော်ကြီးအဖြစ် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်း လျန်လွယ် တက်ရောက်ခဲ့ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော် နှင့် ချင်းပြည်နယ် မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးမြင့် တို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က အဖွင့်အမှာစကားပြောကြားရာ မီးသတ်လုပ်ငန်း ဆိုသည်မှာ ပြည်သူလူထု၏ ဘေးဒုက္ခအန္တရာယ်များကို ပြည်သူလူထုနှင့် တစ်သားတည်းရှိနေပြီး ရင်ဆိုင်ဖြေရှင်း ရသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်ဟု Hakha iprd အွန်လိုင်းမီဒီယာတွင် ယခုလို ဖော်ပြ သည်။

“နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများကို ကာလရှည်ကြာ ထိန်းသိမ်းထားနိုင်ကြဖို့ စီမံဆောင်ရွက်ကြရာတွင် မီးဘေး အန္တရာယ် အပါအဝင် သဘာဝဘေးအန္တရာယ်အသွယ်သွယ်က လွတ်ကင်းစေဖို့ကိုလည်း အထူးဂရုပြုဆောင်ရွက်ခဲ့ကြ ရကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ခိုင်မာတည်ကြည်သော စိတ်ဓာတ်၊ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားမှု၊ အတွေ့အကြုံရင့်ကျက်မှု၊ နည်းပညာကြွယ်ဝမှုတို့ဖြင့် ပြည်သူကိုအလုပ်အကျွေးပြုကြရမည်ဖြစ်ကြောင်း၊ ဘေးဒုက္ခ အန္တရာယ်များဖြင့် ရင်ဆိုင်ကြုံတွေ့နေရသူတိုင်းကို မိမိတို့၏အသက်နှင့် ခန္ဓာအရင်းတည်ပြီး ကူညီကယ်တင်ရသော ကြောင့် မွန်မြတ်သောနှလုံးသားပိုင်ရှင်တပ်ဖွဲ့ဝင်များအဖြစ် ဂုဏ်ယူစွာပြောကြားလိုပါကြောင်းဖြင့် ထည့်သွင်းပြောကြား သည်။”

ဆက်လက်၍ ချင်းပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် အလှူရှင်များမှ ထောက်ပံ့လှူဒါန်းသည့် အလှူငွေကျပ်-၂၁၅၀၀၀၀/-ကို အလှူရှင်များကိုယ်စား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်က ပေးအပ်ရာ ချင်းပြည်နယ်မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးမြင့်က လက်ခံရယူခဲ့သည်။

ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များ စွမ်းရည်ပြသခြင်းကို ဆက်လက်ကျင်းပရာ ရေတွင်း အသက်ကယ်နည်းစနစ် သရုပ်ပြသခြင်း၊ Bolt Cutter အသုံးပြု၍ ကယ်ဆယ်ရေးစွမ်းရည်နှင့် နှစ်ဆင့်လှေခါး အသုံးပြု၍ ကယ်ဆယ်ရေး စွမ်းရည်ပြသခြင်း၊ အသက်ကယ်ကြိုးအသုံးပြု၍ လူနာကယ်နည်းစနစ်၊ မီးငြိမ်းသတ်ရေးကိရိယာ (ကျောလွယ်) အသုံးပြု၍ မီးငြိမ်းသတ်နည်း၊ မီးသတ်ဆေးဗူးအသုံးပြု၍ ဆီမီးလောင်မှုအား လက်တွေ့မီးငြိမ်းသတ်နည်း၊ ရေပက် ပိုက်ဖြင့် Water Curtain, Water Fun သရုပ်ပြသခဲ့ကြသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...