အဆိုပါကိစ္စကို ဧပြီလ ၂၂ ရက်နေ့ ကလေးမြို့နယ် ပျဉ်းခုံကြီးကျေးရွာတွင် ပြုလုပ်သော ဒေါ်ရှားမီး၏ ဖခင် ဦးဒိုထောင်း (၁၉၉၀ NLD အမတ်) အား အောက်မေ့ဘွယ်အခမ်းအနားတွင် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ပြည်သူတွေကြောင့် ကျမတို့ MP ဖြစ်တယ်၊ ကျမတို့မှာလည်း လိုအပ်ချက်ရှိသလို ပြည်သူဘက်ကလည်း လုပ်ဆောင်ရမယ့်အရာတွေရှိတယ်။ ခိုင်းတတ်ရင် ကောင်းကောင်းမွန်မွန် အလုပ် လုပ်နိုင်မယ်၊ မခိုင်းတတ်ရင် တော့ လွှတ်တော်မှာ အိပ်ငိုက်ရုံဘဲရှိတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ကျမတို့ကို ခိုင်းတတ်ဖို့ လိုတယ်” ဟု ဒေါ်ရှားမီးကပြောသည်။
ထို့အပြင် ဒေါ်ရှားမီးက လွှတ်တော်နှင့်အစိုးရကဲ့သို့ အရေးကြီးသည့်အရာမှာ ရပ်မိရပ်ဖများ၊ ရပ်ကွက်လူကြီး များဖြစ်ပြီး ရပ်ရွာလိုအပ်ချက်များကို တင်ပြကာ လုပ်ဆောင်ပေးဖို့ရန် ကျမတို့ကို အရွေးချယ်ခံရ တာဖြစ်ကြောင်း ဆက်ပြောသည်။
“ပြည်သူတွေ တင်ပြတဲ့အရာကို ကျမ ဆက်လက်လုပ်ဆောင်မှာဖြစ်တယ်။ ပြည်ထောင်စုအဆင့်မှာ တင်ပြဆွေးနွေးမဲ့ ကိစ္စဆိုရင် ပြည်ထောင်စုအဆင့်မှာ တင်ပြမယ်၊ ကလေးမြို့ အရာရှိများနဲ့ ဆွေးနွေး တိုင်ပင်ရမဲ့ကိစ္စဆိုရင် သူတို့နဲ့ ဆွေးနွေးမယ်၊ ဒါကြောင့် ယုံကြည်စွာ ရွေးချယ်ထားသည့်အရာကို နောင်တမရရှိလေအောင် ကျမ အစွမ်းကုန် လုပ်ဆောင်သွားမယ်” ဟု ဒေါ်ရှားမီးက ပြောသည်။
ပျဉ်းခုံကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် ကျင်းပပြုလုပ်သော အဆိုပါအောက်မေ့ဘွယ် အခမ်းအနားတွင် ဦးဒိုထောင်း၏ ဇနီး ဒေါ် လာထန်ချူးငီးလည်း တက်ရောက်ခဲ့ပြီး ရိုးရာအကပဒေသာများဖြင့် ဂုဏ်ပြုခဲ့ကြသည်။
ယင်းအခမ်းအနားတွင် လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့သည်။ ၁၉၉၀ ခုနှစ် လွှတ်တော်အမတ် တစ်ဦးဖြစ်သည့် ဦးဒိုထောင်းသည် ၁၉၉၆ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ စစ်အစိုးရ၏ ဖမ်းဆီးထောင် ချခြင်းခံခဲ့ရသည်။ အကျဉ်းထောင်းအတွင်း နှိပ်စက်မှုဒဏ်များကြောင့် ထောင်မှလွတ်မြောက် လာသည့်နောက်ပိုင်းတွင် ကျန်းမားရေးတဖြည်းဖြည်းချိူ့ယွင်းလာပြီး ၂၀၁၀ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။







