“ကာချူပ်နဲ့နိုင်ငံတော်အတိုင်ပင်ခံတို့ဘက်က သဘောတူပြီးပြီဆိုပြီးတော့ မနေ့ညကဘဲ ငြိမ်းချမ်းရေးကော်မရှင်က ကျနော့ ဆီကို အကြောင်းကြားထားပါတယ် အကြမ်းဖျင်းကျနော်တို့စဉ်းစားထားတာကတော့ ဖေဖော်ဝါရီလ ၂၃၊ ၂၄၊ ၂၅ မှာ ကျင်းပဖို့ ပြင်ဆင်ထားပါတယ်၊ အတည်တော့မဟုတ်သေးဘူး၊ ဆက်ပြီးတော့ဆွေးနွေးရမှာပါ ဒါပေမယ့်ဖြစ်နိုင်ခြေများပါတယ်၊ ဘာလို့လဲဆိုတော့ ကျနော်တို့က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို မတ်လ ပထမပတ်အတွင်း မှာ ကျင်းပမယ်ဆိုလို့ရှိရင် အဲဒီအတွက်ကြောင့် ကျနော်တို့အနေနဲ့ပြင်ဆင်မှုလည်းလုပ်ထားပါတယ်’’ ဟု CNF ဒုဥက္ကဌကပြောသည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘာတူစာချူပ်အရ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် အဆင်သင့်ဖြစ်ပါက မိမိတို့ဒေသတွင် အမျိူးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်သည်ဟု UPDJC က အစောပိုင်းတုန်းက ဆုံးဖြတ်ထားပြီး၊ အခြားတိုင်းရင်းသားလက်နက်ကိုင်များအား ကျင်းပခွင့်ပြုခဲ့သော်လည်း နိုင်ငံရေးနှင့် နယ်မြေအနေအထားကြောင့်ဟုဆိုကာ ချင်းနဲ့ ရခိုင်ပြည်နယ်ကို ဆိုင်းငံ့ခဲ့ခြင်းဖြစ်သည်။
ယင်းကိစ္စကြောင့် ၂၁ ရာစုပင်လုံညီလာခံအစည်းအဝေး မတက်ရန် စဉ်းစားနေကြောင်း CNF ဘက်မှ ထုတ်ဖော်ပြောဆိုလာသလို ချင်းနိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်များဖြင့် ဖွဲ့စည်းထားသော ချင်းအမျိုးသားနိုင်ငံရေးဆွေးနွေးမှု ပူးပေါင်းကော်မီတီမှလည်း တောင်းဆိုမှုများပြုလုပ်လာသည့်နောက်ပိုင်း တစ်ပတ်အကြာ ဖေဖော်ဝါရီ ၁၃ နေ့က ပြန်လည်ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
ဒေါက်တာလျန်မှုန်းဆာခေါင်းက “ ကျနော်တို့ဘက်မှာ ဆောင်ရွက်သင့်တာပြင်ဆင်သင့်တာအားလုံးပြင်ဆင်ခဲ့ပြီးပြီ၊ အဲဒီပြင်ဆင်နေတဲ့ဟာကိုလည်း ကျနော်တို့က ထပ်ပြီးတော့တင်ပြတာဖြစ်တယ်၊ အဲဒီမှာ အစိုးရဘက်က နည်းနည်းအဆင် သင့်မဖြစ်တဲ့အပေါ်မှာနှောင့်နှေးတာဖြစ်တယ်၊ ကျနော်တို့ဘက်က အဆင်သင့်ဖြစ်ပါရက်နဲ့ဘာဖြစ်လို့လည်းဆိုတဲ့ မေးခွန်းတွေက ထွက်လာတာဖြစ်တယ်၊ ခုကတော့ အားလုံးအဆင်ပြေပါပြီ၊ အစိုးရဘက်ကလည်းခွင့်ပြုချက်ရပြီ ကျနော်တို့ဘက်ကလည်း ပြင်ဆင်မှုတွေအတိုင်းအတာတခုထိလုပ်ထားပြီဆိုတော့ အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။
အမျိူးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်ပနိုင်ရန်အတွက် ချင်းပြည်နယ်တွင် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးမှု ကြီးကြပ်ရေး ကော်မတီကို ဖွဲ့စည်းရမည်ဖြစ်ပြီး ယင်းအတွက် CNF ဘက်မှ အဆင်သင့်ဖြစ်နေပြီဟုလည်းသူကဆက်ပြော သည်။
“နံဘတ် ၁ အနေနဲ့ လိုအပ်နေတာကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဥက္ကဌ နို်င်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သူ့ရဲ့ညွန်ကြားချက်အတိုင်း ချင်းပြည်နယ်ရဲ့ အမျိူးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်ရေးကော်မတီမှာပါမယ့်သူတွေကို ရွေးချယ်ရမှာဖြစ်ပါတယ် ကျနော်တို့ CNF ကတော့ ရွေးပြီးပြီ အဲဒါကို ကျနော်တို့ဆက်ပြီးတော့ဆောင်ရွက်သွားမှာဖြစ်ပါတယ် ဘာမှအခက်အခဲမရှိတော့ဘူးလို့မြင်ပါတယ်’’ ဟု CNF ဒုဥက္ကဌက ပြောသည်။







