ချင်းအမျိူးသားခေါင်းဆောင် ဗိုလ်ကြွန်ဘိခ်(ခေါ်) ဗိုလ်စွန်ပက်၏ ပုံတူပန်းပုရုပ် ထုလုပ်

ချင်းအမျိူးသားခေါင်းဆောင် ဗိုလ်ကြွန်ဘိခ်(ခေါ်) ဗိုလ်စွန်ပက်၏ ပုံတူပန်းပုရုပ် ထုလုပ်
by -
ခိုနူမ်းထုန်
မြန်မာ့သမိုင်းတွင် ဗြိတိသျှနယ်ချဲ့တော်လှန်ရေးခေါင်းဆောင်တစ်ဦးအဖြစ် ထင်ရှားခဲ့သော ချင်းအမျိူးသား ဗိုလ်ကြွန်ဘိခ် (ခ) ဗိုလ်စွန်ပက်၏ ပုံတူ ပန်းပုရုပ်ထုကို ရန်ကုန်မြို့တွင် ဒီဇင်ဘာလဆန်းပိုင်းက စတင်ထုလုပ်နေပြီဟုသိရသည်။

KNews0902ဗိုလ်ကြွန်ဘိခ် ပုံတူပန်းပုရုပ်ထုကို မြန်မာနိုင်ငံအတွင်းရှိ ထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ်ကြီးများ၏ ရုပ်ထုများကို ပန်းပုပညာဖြင့် လက်ရာမြောက်စွာ ထုလုပ်လေ့ရှိသည့် နာမည်ကြီး ပန်းပုဆရာ ကိုကျော်ကျော်မင်းက ထုလုပ်လျက်ရှိပြီး ဒီဇင်ဘာလကုန်ပိုင်းတွင် အပြီးသတ်နိုင်မည်ဟုသိရသည်။

အဆိုပါပန်းပုရုပ်ထုသည် အမြင့် ၂၈ လက်မ၊ ရင်ဘတ်အကျယ် ၁၆ဒသမ၅ လက်မ နှင့် ငှက်မွေးတောင် အရှည် ၂၄ လက်မ ရှိမည်ဖြစ်သည်။ သူရဲကောင်း ဗိုလ်ကြွန်ဘိခ်၏ ပုံတူပန်းပုထုတ်လုပ်ရေးကို အင်္ဂလန်နိုင်ငံရောက် ချင်းသမိုင်းသုတေသီ ဆလိုင်းဗန်ကျူံးလျန်က စီစဉ်ခြင်းဖြစ်သည်။

“ ချင်းလူမျိုးတွေရဲ့ စိတ်ထဲမှာ ဗိုလ်ကြွန်ဘိခ် ဆိုတာ တွေ့မြင်နိုင်အောင်လို့ပါ။ ကျွန်တော်တို့ကြားကြားနေတဲ့ .. ဗိုလ် ကြွန်ဘိခ် ဆိုတာ ..ဒါလား … ဆိုပြီး မြင်လို့ရအောင်ပါ၊ အရင်တုန်းက တစ်ချို့တွေက ဗိုလ်ကြွန်ဘိခ်ပုံမဟုတ်တဲ့ဟာကို ပြက္ခတိန်တွေ ထုတ်ကြပြီးရောင်းကြတော့ လူတွေတော်တော်များများက ဗိုလ်ကြွန်ဘိခ်မဟုတ်တဲ့ပုံကို ဗိုလ်ကြွန်ဘိခ်ဆိုပြီး မြင်လာကြတယ်၊ အဲဒီအတွေးအမြင်တွေ ပြောင်းလဲနိုင်အောင်လို့ ရုပ်ထုထုရတာဖြစ်ပါတယ်’’ ဟု ဆလိုင်းဗန်ကျူံးလျန်ကပြောသည်။

အဆိုပါပန်းပုရုပ်ထုကို ဖလမ်းမြို့လယ်ခေါင်တစ်နေရာရာတွင် ထားရှိရန် စိတ်ကူးရှိသော်လည်း အဆင်မပြေပါက ဗိုလ်ကြွန် ဘိခ်၏ မွေးရပ်ဇာတိ တာရွှန်းကျေးရွာတွင် ထားရှိမည်ဟု သိရသည်။

“စိတ်ကူးထားတာကတော့ ဖလမ်းမြို့လယ်ခေါင်မှာ တည်ချင်တယ်၊ ဒါပေမယ့် ရမယ်လို့တော့ မသေချာသေးဘူး၊ ဖလမ်းမြို့မိမြို့ဖ၊ ဌာနဆိုင်ရာအကြီးအကဲ၊ တာရွှန်းဖွံ့ဖြိုးရေးကော်မတီ တွေနဲ့တိုင်ပင်ရဦးမှာပါ၊ ဖလမ်းမြို့မှာ မရရင်တော့ တာရွှန်းရွာမှာဘဲ တည်ဖြစ်မှာပါ’’ ဟု ဆလိုင်းဗန်ကျူံလျန်ကပြောသည်။

ချင်းသမိုင်းတွင်သာမက မြန်မာ့သမိုင်းတွင်ပါ ဗြိတိသျှနယ်ချဲ့တော်လှန်ရေးခေါင်းဆောင်တစ်ဦးအဖြစ် ထင်ရှားခဲ့သော ဗိုလ်ကြွန်ဘိခ်သည် ချင်းလူမျိုးများ၏ လေးစားဂုဏ်ယူသည့် သူရဲကောင်းပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သူ့အားဂုဏ်ပြုသည့်အနေဖြင့် ရန်ကုန်မြို့လယ်ခေါင်ရှိ လမ်းတစ်ခုကို ဗိုလ်စွန်ပက်လမ်းအဖြစ် သမုတ်ခေါ်ဝေါ်ခဲ့ကြသည်။

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...