ဟားခါးမြို့ သဘာဝဘေးဒဏ်သင့်သူများအတွက် ၂၀၁၆ ဖေဖော်ဝါရီတွင် နေအိမ်ဆောက်လုပ်မှု အပြီးသတ်နိုင်ရန် မျှော်မှန်း

ဟားခါးမြို့ သဘာဝဘေးဒဏ်သင့်သူများအတွက် ၂၀၁၆ ဖေဖော်ဝါရီတွင် နေအိမ်ဆောက်လုပ်မှု အပြီးသတ်နိုင်ရန် မျှော်မှန်း
by -
ခိုနူမ်းထုန်
သဘာဝဘေးဒဏ်ကြောင့် နေအိမ်များပြိုကျပျက်စီးပြီး ဒုက္ခအတိရောက်နေကြသော ဟားခါးမြို့ ဒေသခံ အိမ်ထောင်စု ရ၀၀ ကျော်အတွက် အသစ်ပြန်လည်တည်ဆောက်လျှက်ရှိသည့် လူနေအိမ်များ သည် လာမည့်နှစ် ဖေဖော်ဝါရီလကျမှသာ အပြီးသတ်နိုင်မည်ဟု မျှော်လင့်ကြောင်း ချင်းပြည်နယ် စည်ပင် သာယာရေးအဖွဲ့ညွန်ကြားရေးမှူးက ပြောသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် စက်တင်ဘာ ၂၂ ရက်နေ့က ဟားခါးမြို့သို့ရောက်ရှိလာစဉ်တွင် ယခုနှစ် ဒီဇင်ဘာလအတွင်း အဆိုပါ နေရာသစ်သို့ ဒုက္ခသည်များအား ပြောင်းရွှေ့နိုင်ရန် စီစဉ်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ယခုအခါ အချိန်မီ ပြီးစီးအောင် ဆောက်လုပ်နိုင်ဖွယ်မရှိကြောင်း လာမည့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကျမှသာ အပြီးသတ်နိုင်မည်ဟု စည်ပင်ညွန်ကြားရေးမှူး ဦးတလာဟရဲက ပြောသည်။

“အခု ၁၂ လုံးလောက်ကို စပြီးဆောက်နေတယ်။ အမိုးတွေတော့ မိုးနေပြီ တစ်အိမ်ချင်းပြီးတယ် လို့တော့ မရှိသေးဘူး၊ ဆက်လုပ်နေကြတယ်။ အခု ပစ္စည်းက ပခုက္ကူ နဲ့ ဂန့်ဂေါ်ကနေ သယ်လာတာ ဆိုတော့ ပစ္စည်းလည်းသယ်ရင်း အိမ်လည်း ဆောက်ရင်း ဆိုတော့ ၁၂ လုံးလောက်တော့ အကောင်အ ထည်ဖော်ပါပြီ ရာခိုင်နှုန်းအပြည့်ပြီးတာတော့ မဟုတ်သေးဘူး။ ရုပ်လုံးတော့ ပေါ်လာပြီပေါ့ဗျာ။ အားလုံးပြီးဖို့ကတော့ ၂၀၁၆ ဇန်နဝါရီလကုန်၊ ဖေဖော်ဝါရီလဆန်းလောက်မှာဘဲ ပြီးနိုင်မယ်လို့ မှန်းထားပါတယ်’’ဟု ဦးတလာဟရဲက ပြောသည်။

ဒုက္ခသည်များ ပြန်လည်နေရာချထားရေးအတွက် အိမ်သစ်စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းကို ဟားခါးမြို့အနောက်ဖက် ဖလမ်းလမ်းအထက်နား Lung phun တောင်ဒေသတွင် ပြီးခဲ့သည့် အောက်တိုဘာလကစ၍ တင်ထွန်းဝင်း နှင့် မြတ်နိုးသူ ကုမ္ပဏီတို့မှ စတင်ဆောက်လုပ်ခဲ့ကြခြင်း ဖြစ်သည်။

“အိမ်က ရ၃၂ လုံးဆောက်ရမှာ အဲဒီထဲမှာ ဒေသခံတွေက နိုင်ငံတော်ကနေထောက်ပံ့တဲ့ ကူညီတဲ့ငွေကို ယူပြီးတော့မှ အစိုးရဆီကရတဲ့ ထောက်ပံ့ငွေနဲ့ ကိုယ့်ဟာကိုယ် ဆောက်မယ်ဆိုတဲ့ သူတွေလည်းရှိတယ်။ အဲဒီတော့ ကျနော်တို့အစိုးရက တာဝန်ယူပြီးဆောက်ပေးမယ်ဆိုတဲ့ အိမ်က အားလုံးပေါင်း ၆၆၆ လုံး ရှိပါတယ်’’ဟု စည်ပင်ညွှန်မှူးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုခြင်းများကြောင့် ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ပေါ်ရှိ လူနေအိမ်ခြေ ၄၁၀ ပြိုကျပျက်စီးကာ အန္တာရာယ်ရှိနေအိမ် ၃၂၂ အိမ်ရှိခဲ့ပြီး ပြောင်းရွှေ့ပေးရမည့် အိမ်ထောင်စုမှာ ရ၃၂ စုရှိသည်ဟု ချင်းပြည်နယ်အစိုးရက အစောပိုင်းက ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ယခုလက်ရှိတွင် ၎င်းအိမ်ထောင်စုတို့သည် ဟားခါးမြို့ရှိ ယာယီဖွင့်လှစ်ထားသောကယ်ဆယ်ရေး စခန်းတွင်ဆက်လက် နေထိုင်ကြပြီး အချိူ့မှာလည်း နီးစပ်ရာဆွေးမျိုးများထံတွင် နေထိုင်လျှက်ရှိကြသည်ဟု သိရသည်။

အလားတူ တီးတိန်မြို့နယ်တွင်လည်း သဘာဝဘေးဒဏ်ကြောင့် နေအိမ်ပျက်စီးသွားသော အိမ်ထောင်စု ၄၆ စုအတွက် ဟားခါးတွင် ဆောက်လုပ်လျက်ရှိသော စီမံကိန်းကဲ့သို့ စီစဉ်ထားကြောင်း တီးတိန်မြို့မှ တွန်းဇံမြို့ဘက်သွားသော လမ်းဘက်တွင် မြေကွက်များလျာထားပြီး တင်ထွန်းဝင်း နှင့် မြတ်နိုးသူ ကုမ္ပဏီမှ အကောင်ထည်ဖော်ဆောင်ရွက်ပေးမည်ဟု ဦးတလာဟရဲက ပြောသည်။

“တီးတိန်အတွက် အိမ်ခြေ ၄၁ အိမ်ပေါ့နော်၊ ဟားခါးလိုပုံစံဆောက်ပေးမယ်။ နောက်ထပ် ၅ အိမ်တိုး လာတော့ အားလုံး ၄၆ အိမ်ဖြစ်သွားမယ်။ နောက်ပြီးတော့ ကျန်တဲ့ဒေသ၊ မြို့တွေမှာဖြစ်တဲ့ဟာကျ တော့ ပြည်မမှာ ကူညီတဲ့စံနှုန်းနဲ့ပဲ ကူညီမှာဖြစ်တယ်။ ပြည်မမှာတော့ လုံးဝပျက်စီးတဲ့ဟာကို ၃ သိန်း ပေါ့နော်။ တဝက်တပျက် ပျက်စီးတဲ့ဟာကို ၅ သောင်းနဲ့ ကူညီတာ တွေ့ရတယ်။ အဲဒီနှုန်းထားအတိုင်း အကူအညီပေးမယ်လို့ သိရပါတယ်’’ဟု ၎င်းက ဆက်ပြောသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...