ချင်းတမျိုးသားလုံး၏ အကျိုးစီးပွားကို တစိုက်မတ်မတ် ဆောင်ရွက်နေသည့် အဖွဲ့ အစည်းဖြစ်သည် နှင့်အညီ ပါတီနိုင်ငံရေးတွင် မိမိကိုယ်တိုင်ပါ၀င်ပတ်သက်ခြင်း မရှိသော်လည်း ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင်မူ ချင်းအမျိုးသားတပ်ဦး ၏ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပါတီ၏မူဝါဒ ပေါ်လစီ များကို ထောက်ခံသည့် နိုင်ငံရေးပါတီများအား ထောက်ခံအားပေး သွားမည်ဟု CNF က နို၀င်ဘာ (၄) ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။
“၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဘယ်ပါတီကို မဲပေးမလဲဆိုတာ လူထုက ခဏခဏ မေးမြန်းကြတယ်။ ဘယ်ပါတီ၊ ဟိုပါတီ မဲပေးပါ ဆိုတာထက် CNF ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ CNF ပေါ်လစီကို ထောက်ခံ တဲ့ နိုင်ငံရေးပါတီတွေ အနိုင်ရဖို့က အလိုချင်ဆုံးပေါ့။ ဒါက CNF နဲ့ ချင်းပြည်သူလူထုရဲ့ အမျိုးသား နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုပဲလေ။ ဒါပေမဲ့ မဲပေးဖို့ကိုတော့ လူထုက ဆုံးဖြတ်ရမှာပေါ့”ဟု ပါတီ ရေးရာဌာန အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆော်လမွန်က ပြောသည်။
ဆက်လက်ပြီး အမျိုးသားအကျိုးစီးပွားဆောင်ရွက်ရာတွင် မည်သည့်နိုင်ငံရေးပါတီကိုမျှှ မျက်နှာသာ ပေးခြင်း၊ ဆန့်ကျင်ကန့်ကွက်ခြင်း မရှိဘဲ နိုင်ငံရေးပါတီအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးမူ နှင့် ပူးပေါင်းလက်တွဲရေးမူကို ကိုင်စွဲကျင့်သုံးသည် ဟု ဖော်ပြထားပြီး အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိသော ရွေးကောက်ပွဲဖြစ်နိုင်ရန် အစိုးရအပါအဝင် ပါ၀င်သက်ဆိုင်သူ အားလုံးမှ ၀ိုင်းဝန်းလုပ်ဆောင်ကြပါရန် တိုက်တွန်းထားသည်။
ချင်းအမျိုးသားတပ်ဦးသည် လွှတ်တော်အတွင်း နိုင်ငံရေးလမ်းကြောင်းပေါ် မရပ်တည်သော်လည်း ဒီမိုကရေစီ ရွေး ကောက်ပွဲ အင်္ဂါရပ်နှင့် ပြည့်စုံရန်နှင့် ချင်း အမျိုးသားနိုင်ငံရေး အကျိုးပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၀ ခုနှစ်နှင့် ယခုနှစ် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အသီးသီးအပေါ် သဘောထားအမြင်ထားရှိခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ တပ်ဦးသည်ကြားနေရပ်တည်ရန် နှင့် ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပတ်သက်၍ ချင်းပြည်သူလူထု၏ နိုင်ငံရေးလိုအင်ဆန္ဒကို အမှန်တကယ်ဖော် ဆောင်လိုသော ကိုယ်စားလှယ်များကို ရွေးချယ်ရန် လိုအပ်ကြောင်း သဘောထားရှိခဲ့သည်။
သို့သော် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများအနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပါတီ၏ မူဝါဒပေါ်လစီများကို ထောက်ခံသည့် နိုင်ငံရေးပါတီများအား ထောက်ခံ အားပေးသွားရေး နှင့် ချင်းအမျိုးသားနိုင်ငံရေးပါတီများ တပါတီအဖြစ် (သို့မဟုတ်) တပ်ပေါင်းစုအဖြစ် စုစည်းစေ၍ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ချင်းအမျိုးသားအရေးတွင် ပူးပေါင်းဆောင်ရွက် နိုင်ရေး တိုက်တွန်းသွားရန် ဟူ၍ သဘောထားချမှတ်ခဲ့သည်။







