ဝေဋုကျော် ဖောင်ဒေးရှင်း နှင့် Myanmar Rescue တို့ ဟားခါးတွင် ကယ်ဆယ်ရေး သင်တန်းပြုလုပ်

ဝေဋုကျော် ဖောင်ဒေးရှင်း နှင့် Myanmar Rescue တို့ ဟားခါးတွင် ကယ်ဆယ်ရေး သင်တန်းပြုလုပ်
by -
ခိုနူမ်းထုန်
နာမည်ကျော် ဗွီဒီယိုနှင့် ရုပ်ရှင် သရုပ်ဆောင်မင်းသား ဝေဋုကျော်အပါအဝင် ၎င်း၏ ဖောင်ဒေးရှင်းနှင့် Myanmar Rescue အဖွဲ့တို့ ပူးပေါင်းမှုဖြင့် ချင်းပြည်နယ် မြို့တော်ဟားခါးတွင် အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးနှင့် အသက်ကယ်သင်တန်းတစ်ခုကို အောက်တိုဘာလ ၁၃ ရက်နေ့က စတင်ပို့ချ ပြုလုပ်နေပြီဟု သိရသည်။

သရုပ်ဆောင်မင်းသား ဝေဋုကျော် အပါအဝင် အဖွဲ့သားများနှင့် Myanmar Rescue ကော်မီတီမှ အဖွဲ့သားများသည် ယခုလ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဟားခါးမြို့သို့ရောက်ရှိလာကြပြီး ပြည်နယ်မီးသတ်တပ်ဖွဲ့၏ အကူအညီဖြင့် အောက်တိုဘာလ ၁၁ ရက်နေ့တွင် သင်တန်းဖွင့်ပွဲ ပြုလုပ်ပြီး အောက်တိုဘာလ ၁၇ ရက်နေ့အထိ ပြုလုပ်သွားကြမှာဖြစ်သည်။

"ပြည်နယ် မီးသတ်တပ်ဖွဲ့ရုံးမှာပဲ မီးသတ်တပ်ဖွဲ့တွေ အကူအညီနဲ့ ဒေသခံ ၅၀ ကျော်ကို ကျတော်တို့ ဖောင်ဒေးရှင်းနဲ့ Myanmar Recue က သင်တန်းဆရာ ၁၅ ဦးနဲ့ သင်တန်းကို ပို့ချသွားမှာပါ"ဟု မင်းသား ဝေဋုကျော်က ပြောသည်။

သင်တန်းတွင် သဘာဝဘေးအန္တရာယ်မှ အရေးပေါ် ကယ်ဆယ်ရေး၊ ဒုက္ခသည်များအတွက် ကြက်ခြေနီပြုစုနည်း၊ လူနာများ ကျန်းမာရေးစောင့်ရှောက်မှုများကို ပို့ချသွားကြမည်ဖြစ်ပြီး မြေပြိုသည့် ဟားခါးမြို့ဟောင်းနေရာတွင် လက်တွေ့ကွင်းဆင်းမှု ပြုလုပ်ကြမည်ဖြစ်သည်။

မင်းသားဝေဋုကျော်သည် သဘာဝဘေးဒဏ်ကြောင့် ချင်းပြည်နယ် ဟားခါးသို့ သုံးကြိမ် ရောက်ရှိခဲ့ပြီ ဖြစ်ပြီး သဘာဝဘေးသင့် ပြည်သူ များအတွက် စားနပ်ရိက္ခာများကို လှူဒါန်းမှုများပြုလုပ်ခဲ့ကြောင်း ယခု သင်တန်းအပြီးတွင်လည်း ကယ်ဆယ်ရေး ပစ္စည်းများကို လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"မိုးက အဆက်မပြတ်ရွာနေတော့ ရာသီဥတုလည်း အေးတယ်။ ဒီအတွက် လက်တွေ့ကွင်းဆင်းမှုမှာ အနည်းနဲ့ အများတော့ ခက်ခဲမယ်ပေါ"ဟု ပြည်နယ်မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ယခုတလော ဟားခါးမြို့အပါအဝင် ချင်းပြည်နယ် အဝှမ်းတွင် မိုးသည်းထန်စွာ ရွာသွန်းနေပြီး ကားလမ်းများ ပြန်လည်ပြိုကျ ပျက်စီးနေခြင်းကြောင့် ပြည်သူများ၊ အစိုးရဝန်ထမ်းများ၊ ဆောက်လုပ် ရေးကုမ္ပဏီများ၊ လွှတ်တော်ကိုယ် စားလှယ်လောင်းများ လုပ်ငန်းအတွက် ခရီးသွားလာရေး၊ သတင်းဆက်သွယ်ရေး အခက်အခဲနဲ့ ကြုံတွေ့နေကြရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...