ချင်းပြည်နယ် ရွေးကောက်ပွဲလုံခြုံရေး အထူးရဲတပ် အင်အား တစ်ထောင်ကျော် တာဝန်ချမည်

ချင်းပြည်နယ် ရွေးကောက်ပွဲလုံခြုံရေး အထူးရဲတပ် အင်အား တစ်ထောင်ကျော် တာဝန်ချမည်
by -
ခိုနူမ်းထုန်
ယခုနှစ် နို၀င်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် တနိုင်ငံလုံး အထွေထွေရွေးကောက်ပွဲ ကာလအတွင်း ချင်းပြည်နယ်၌ ရွေးကောက်ပွဲ လုံခြုံရေးအတွက် ချင်းပြည်နယ် (၉)မြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် အထူးရဲတပ်ဖွဲ့ အင်အား ၁,၀၂၉ ဦး တာဝန်ချထားမည်ဟု သိရပြီး ရွေးကောက်ပွဲ လုံခြုံရေးအထူးရဲ နည်းပြ (ဆင့်ပွား)သင်တန်းကို စက်တင်ဘာ (၇)ရက်နေ့က ပြုလုပ်ခဲ့ကြသည်။

သင်တန်းအဖွင့် မိန့်ခွန်းတွင် ပြည်နယ် ရဲမှူးကြီး ဦးမြင့်လွင်က လာမည့် ရွေးကောက်ပွဲသည် ပြီးခဲ့သည့် ရွေးကောက်ပွဲနဲ့ မတူတော့ကြောင်း နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ပါဝင်မှုနှင့် ကျင်းပ ကြမည်ဖြစ်ကြောင်း အထူးရဲတပ်ဖွဲ့အနေဖြင့် သင်တန်းကာလမှာ သေသေချာချာ နားလည်အောင် မေးမြန်းဆွေးနွေးစေလိုကြောင်း လာမည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီကို ဖော်ဆောင်နေသည့် ရွေးကောက်ပွဲကာလဖြစ်သည်နှင့်အညီ တာဝန်သည် ဒီမိုကရေစီနိုင်ငံတော်အတွက် အထူးအရေးပါ ကြောင်း၊ သင်တန်းသားများကို နိုင်ငံတော် ချစ်စိတ်၊ ဒေသချစ်စိတ်နှင့်အတူ ကြိုးပမ်းစေလိုကြောင်း ပြောကြားသွားခဲ့သည်။

၁၀ ရက်တာ ပို့ချမည့် အဆိုပါ သင်တန်းဖွင့်လှစ်ပွဲကို ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၊ ရဲဇာနည်ခန်းမတွင် ကျင်းပသွားကြရာ ပြည်နယ်ရဲမှူးကြီး ဦးမြင့်လွင် အပါအဝင်၊ အထူးရဲနည်းပြ သင်တန်းမှူးအဖြစ် တာဝန်ယူမည့် ပြည်နယ်ရဲတပ် ဖွဲ့မှူးရုံးမှ ဒုတိယ ရဲမှူးကြီး မြင့်လွင်၊ သင်တန်းမှူး ရဲမှူး မြင့်ကြည်နှင့် ရဲအရာရှိများ၊ သင်တန်းသားများ၊ ပြည်နယ်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိများ စုစုပေါင်း ရ၈ ဦး တက်ရောက်ခဲ့ကြသည်။

”ချင်းပြည်နယ်အတွင်း မဲရုံပေါင်း ၁,၀၂၉ မှာ အထူးရဲတပ်ဖွဲ့ တဦးကျစီ တာဝန်ချထားဖို့ ဖြစ်ပါတယ်။ အခု ဆင့်ပွားသင်တန်းကို မြို့နယ် ၈ ခု ကနေ ၃ ဦးစီ ၂၄ ဦးနဲ့ ပို့ချမယ့် ဆရာဖြစ်ဆင့်ပွွားသင်တန်း ဖြစ်ပါတယ်။ ပလက်ဝမြို့နယ်ကျတော့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ရခိုင်ပြည်နယ် စစ်တွေမှာ တက်ရောက်ကြမှာ ဖြစ်ပါတယ်။ ဒီသင်တန်းပြီးရင် မြို့နယ်အလိုက် ဆင့်ပွားသင်တန်း ပြန်လည် ပြုလုပ်သွားမယ်”ဟု သင်တန်းကြီး ကြပ်ရေးအဖွဲ့ ဥက္ကဌ၊ ပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံးမှ ဦးစီး အရာရှိ (ပထမတန်း)၊ ဒုတိယ ရဲမှူးကြီး မြင့်နိုင်က ပြောသည်။

ရွေးကောက်ပွဲလုံခြုံရေး အထူးရဲ တပ်ဖွဲ့ဝင်များသည် ယခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့မှစပြီး နိုဝင်ဘာ ၃၀ ရက်နေ့အထိ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးတာဝန်ကို အချိန်ပြည့် ထမ်းဆောင်ကြမှာ ဖြစ်ပြီး လုံခြုံရေးဆိုင်ရာ လိုအပ်သည့် စက်ကရိယာများ အသုံးအဆောင်များကို အပြည့်အစုံ တပ်ဆင်ပေးသွားကြမည်ဖြစ်သည်ဟု သိရသည်။

ချင်းပြည်နယ်အတွင်း ယခုနှစ် ရေဘေးသင့်ဒါဏ်ကြောင့် ရွေးကောက်ပွဲကာလအတွင်း သတင်းဆက်သွယ်ရေး၊ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲနိုင်သော်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် နိုင်ငံတကာ နည်းပညာများကို ရယူပြီး ဒီမိုကရေစီနည်းကျသော တရားဥပဒေစိုးမိုးရေးအတွက် ပိုမိုလေ့လာ ကျင့်သုံး လုပ်ဆောင်လာကြောင်း သိရှိရသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...