ယင်းမဟာဗျူဟာမူကြမ်းကို Gender and Development Initiative – Myanmar အဖွဲ့မှ ဒါရိုက်တာ ဆလိုင်းအိုက်ဇက် ခင်နှင့် ချင်းနိုင်ငံရေးပါတီတစ်ခုချင်းစီမှ အတွင်းရေးမှူးတစ်ဦးစီပါ၀င်သော မူကြမ်းရေးဆွဲကော်မတီက ရေးဆွဲခဲ့ခြင်းဖြစ် သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းနိုင်ငံရေးပါတီများ ၀င်ရောက်ယှဉ်ပြိုင်ရာတွင် မဲဆန္ဒနယ်မြေမထပ်ဘဲ မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်ကြ မည်ဆိုသည့် အချက်များကို မူကြမ်းတွင် ပါရှိသည်ဟု ဆလိုင်း အိုင်ဇက်ခင်က ပြောသည်။ သို့သော်လည်း မူကြမ်းအဆင့်သာရှိနေသေး သည့်အတွက် အသေးစိတ် မပြောနိုင်သေးကြောင်းက ဆက်ပြောသည်။
“ချင်းပါတီတွေ အချင်းချင်း ဘယ်လိုလက်တွဲဆောင်ရွက်ကြမလဲ။ တစ်ပါတီ နဲ့ တစ်ပါတီ ထိပ်တိုက် မဖြစ်ဘဲနဲ့ ဘယ်လိုမျိုးလုပ်ကြမလဲဆိုတဲ့ ဟာတွေ ပါ၀င်ပါတယ်’’ဟု ဆလိုင်း အိုက်ဇက်ခင်က ပြောသည်။
ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာမူကြမ်းကို ချင်းနိုင်ငံရေးပါတီ အသီးသီးထံသို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း၊ ၎င်းတို့ပါတီ အတွင်း လေ့လာကြပြီးနောက် လာမည့် ဇူလိုင် ၁၆-၁၇ တွင် ကျင်းပမည့် တတိယအကြိမ်မြောက် ချင်းမိသားစုနိုင်ငံရေးပါတီများ မျက်နှာစုံညီတွေ့ဆုံဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးကာ အတည်ပြုကြမည်ဟု ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။
ယခုလက်ရှိတွင် ချင်းနိုင်ငံရေးပါတီစုစုပေါင်း (၁၁) ခုရှိနေပြီး ချင်းတိုးတက်ရေးပါတီ၊ ချင်းဒီမိုကရေစီ အဖွဲ့ချုပ်၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ၊ ခူမီး(ခမီး) အမျိုးသားပါတီ၊ မြိုတိုင်ရင်းသားပါတီ၊ မြိုတိုင်းရင်းသားဖွံဖြိုးရေး ပါတီနှင့် အရှိုချင်းအမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ မြို့(ခေါ်) ခမိအမျိုးသားညီညွှတ်ရေးပါတီ၊ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ တို့ဖြစ်သည်။
Gender and Development Initiative – Myanmar အဖွဲ့မှသည် များပြားလှသော ချင်းနိုင်ငံရေးပါတီများ အချင်းချင်း ရွေးကောက်ပွဲတွင် ပူပေါင်းဆောင်ရွက်နိုင်ရန် ချင်းမိသားစုနိုင်ငံရေး ပါတီများ မျက်နှာစုံညီတွေ့ဆုံဆွေးနွေးပွဲများကို ကြီးမှူးကျင်းပပေးနေသော အဖွဲ့ဖြစ်သည်။







