ကလေးငယ် ၁၄၁ ဦးပါ၀င်သော စစ်ဘေးရှောင် ချင်းပြည်သူ ၃၅၀ ကျော်တို့၏ လက်ရှိအခြေအနေသည် အစာရေစာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးများ၊ ယင်လုံအိမ်သာများနှင့် ဆောက်လုပ်ရေးပစ္စည်များ အရေးတကြီးလိုအပ်နေ သည့် အတွက်ကြောင့် သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကာ အမြန်ဆုံးကူညီထောက်ပံ့ပေးကြရန် လိုအပ်သည်ဟု ဇွန်လ ၁၅ ရက်နေ့က ကြေညာချက် တစ်စောင် ထုတ်ပြန်ပြီး CHRO က တောင်းဆို တိုက်တွန်းလိုက်သည်။
“လူသားချင်းစာမှု အထောက်အပံ့တွေက UN အဖွဲ့အစည်းတွေလိုကနေ လုံးဝရောက်မလာတဲ့ အနေအထားမှာရှိတယ်၊ ခူမီးလူငယ်အဖွဲ့ကနေ လှူထားတဲ့ ဆန်တွေလောက်ပဲ သူတို့ဆီမှာရှိတယ်၊ သစ်တောဝန်ကြီးကနေ သိန်း ၄၀ တော့ လှူသွားတယ် ဒါကလဲ သူတို့အတွက် ဆန်လောက်ပဲ ရှိနေနိုင်တဲ့ အနေအထားပေါ့၊ ယူနီဆက်ကလည်း ခြင်ထောင်၊ ရေပုံးတွေ လောက်ပဲပေးတယ်၊ ခုချိန်မှာ သူတို့လက်ထဲမှာ ဆန်ပဲရှိနေတာဖြစ်တယ် လိုအပ်တဲ့ ဆီ၊ ဆားတွေ ဆိုတာလည်းသေချာရှိနေတာ မဟုတ်ဘူး၊ ဒီလကုန်ထိ ဆိုတာလည်း ကျမတို့ ခန့်မှန်းပြီး ပြောနေတာပေါ့နော် လမကုန်ခင် ဒီတစ်ပတ်အတွင်းလည်း ကုန်သွားနိုင်တယ်’’ ဟု CHRO မှ စီမံချက်တာဝန်ခံ မိုင်သင်းယုမွန်က ပြောသည်။
ရခိုင့်တပ်မတော်(AA) နှင့် မြန်မာ့တပ်မတော်တို့သည် ပြီးခဲ့သည့် မတ်လနောက်ဆုံးပတ်နှင့် ဧပြီလ ပထမပတ်တို့က ပြင်စို ကျေးရွာနှင့်အနီး တဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။ အဆိုပါ တိုက်ပွဲများကြောင့် ပြင်စိုကျေးရွာသားများသည် ဘေးကင်းလုံခြံုရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ ယခုအခါ ကုလားတန်မြစ်ကမ်း ကြွေသောင်ကျေးရွာအုပ်စု၊ လောင်းတင်ကျေးရွာ၏ အောက်ပိုင်းတွင် ယာယီခိုလုံကြရသည်။ စစ်ဘေးရှောင် ချင်းပြည်သူများသည် အစာရေစာအတွက် သာမက နေရေး ထိုင်ရေးနှင့် သောက်သုံးရေ အဆင်မပြေမှုများကြောင့် ၀မ်းလျှော၊ ၀မ်းပျက်၊ ငှက်ဖျားရောဂါများပါ ရင်ဆိုင်ခံစားနေကြရသည်ဟု မိုင်သင်းယုမွန်က ဆက်ပြောသည်။
“ပိုပြီးတော့ ဆိုးဝါးတာက မူလနေရာမှာ မဟုတ်တဲ့အတွက် သောက်ရေသုံးရေ ဆိုတာကလည်း တော်တော်လေးကို အဆင်မပြေတဲ့အနေအထားမှာရှိနေတယ်၊ အဲဒီခါကျတော့ သူတို့မှာ ၀မ်းလျှောဝမ်းပျက်တွေ တအားခံစားနေရတယ်၊ ငှက်ဖျားတွေလည်း ဖြစ်နေကြတယ်၊ ကျန်မာရေး ကုသမှုနဲ့ ဆေးဝါးလည်း သူတို့မှာ အရမ်း လိုအပ်နေတယ်’’ ဟု မိုင်သင်းယုက ပြောသည်။
မြန်မာ့တပ်မတော် နှင့် ရခိုင့်တပ်မတော် တို့ တိုက်ပွဲကြောင့် ပြင်စိုကျေးရွာမှ မူလတန်းကျောင်း၊ ဆရာများအဆောင်နှင့် အခြားအိမ်နှစ်လုံးတို့မှာ ပျက်စီးသွားခဲ့ပြီး အိမ်ခေါင်မိုးများမှာ ဆိုးရွားစွာပျက်စီးသွားခဲ့သည်သာမက အိမ်တွင်းပစ္စည်းများ မှာလည်း ကျည်ပေါက်ရာများဖြင့် ပျက်စီးနေသည်ဟု CHRO ပြောသည်။ ထို့အပြင် မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်မတော်တို့သည် ပြင်စိုရွာ အနီးတစ်ဝိုက်တွင် မြေမြှုပ်မိုင်းများထောင်သွားခဲ့သည်ဟု ရွာသားများအဆိုအရ သိရှိရသည်။
အဆိုပါတိုက်ပွဲများ မဖြစ်ပွားမီက ပလက်ဝမြို့နယ်တဝိုက်တွင် မြန်မာ့တပ်မတော်မှကျူးလွန်ခဲ့သည့် ကလေးစစ်သား သွတ်သွင်းခြင်း အမှု နှစ်ခု နှင့် တပ်တွင်းသို့ အတင်းအဓမ္မ သွတ်သွင်းခြင်းတို့ဖြစ်ပွားခဲ့ပြီး စစ်ကြောင်းလှုပ်ရှားမှုများလည်း ယင်းဒေသတဝိုက်တွင် တိုးလာနေကြောင်း CHRO က ပြောသည်။
CHRO မှ စည်းရုံး လှုံ့ဆော်မှုဆိုင်ရာညွှန်ကြားရေးမှူး Rachel Fleming မှ “ခုဖြစ်ရပ်က မြန်မာနိုင်ငံ အတွင်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် သာမန်ပြည်သူတွေ ဒဏ် ဘယ်လောက် ခံနေရတယ် ဆိုတာရယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဘယ်လောက်တောင် ခံနေရတယ်ဆိုတာရယ်ကို ထောက်ပြနေတာပါပဲ၊ ဒီတစ်ခေါက်ကတော့ ခူမီးဒေသခံတွေပေါ့လေ၊ ရေရှည် ရှိနေခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက မရပ်သေးပါဘူး၊ တကယ်တော့ ပလက်ဝ ဒေသတဝိုက်မှာ ပိုပြီးများလာတာကိုတွေ့နေရတယ်” ဟု ပြောကြားခဲ့သည်။
ယခုလက်ရှိ အခြေအနေတွင်လည်း စစ်ဘေးရှောင် ချင်းပြည်သူများသည် မြေမြှပ်မိုင်းများထောင်ထားသော မိမိတို့နေရပ် သို့ ပြန် သွားကြရန် မြန်မာ့တပ်မတော်၊ ချင်းပြည်နယ် သစ်တောဝန်ကြီးနှင့် ပလက်ဝမြို့နယ် အုပ်ချူပ်ရေးမှူးတို့၏ ဖိအားပေးမှု ခံနေကြရသည်ဟု CHRO က ပြောသည်။
“ဒေသခံတွေမှာ လွတ်လပ်သော ကြိုတင် အသိပေး တိုင်ပင်မှုနှင့် လူထုသဘောထားရယူခြင်း အခွင့်အရေးကို ခံစားခွင့်ရှိ တာကြောင့် အာဏာပိုင်တွေဟာ အတင်းပြန်ခိုင်းတာမျိုးထက်စာရင် ရေရှည်မှာ ဘယ်လိုဖြေရှင်းမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဒေသခံတွေနဲ့ တိုင်ပင်သင့်ပါတယ်။ လုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိစွာ ဆန္ဒအရ နေရပ်ပြန်ဖို့ဆိုတာက တာဝန်မဟုတ်ဘဲ အခွင့်အရေးတစ်ခုပါ။ ပြီးတော့ ခုကိစ္စမှာက အာဏာပိုင်တွေက မြေမြှုပ်မိုင်းတွေကို ရှင်းလင်းပစ်ဖို့နဲ့ လုံခြံုမှုအာမခံချက်တွေ ပေးနိုင်ဖို့ အရေးကြီးပါတယ်၊ နေရပ် ကို ပြန်ဖို့ယခုလို အာဏာပိုင်တွေက ဖိအားပေးတယ် ဆိုတာ စစ်ဘေးရှောင်ပြည်သူတွေရဲ့အခွင့်အရေးကိုချိုးဖောက်တာပဲ” ဟု Fleming ကပြောသည်။
ထို့အပြင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က ပျောက်ဆုံးသွားခဲ့သော ပြင်စိုရွာမှ အသက် ၃၀ အရွယ်ရှိ ခူမီးအမျိုးသား ဦးလိန်းမင်း၏ သတင်းအစအနကိုပင် ယနေ့ချိန်ထိမကြားသိရသေးကြောင်း၊ ဦးလိန်းမင်းပျောက်ဆုံးသည့်နေ့သည် အခြားခူမီးအမျိုးသားများကို ရခိုင့်တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့်နေ့နှင့် တစ်ရက်တည်းဖြစ်နေရာ လိန်းမန်းမှာလည်း ရခိုင်တပ်မတော်မှ လမ်းပြ အဖြစ်သော်လည်းကောင်း ပေါ်တာအဖြစ်သော်လည်းကောင်း ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်နိုင်သကဲ့သို့ ရခိုင့်တပ်မတော်မှ သတ်ဖြတ်သွားပြီးလည်းဖြစ်နိုင်သည်ဟု CHRO မှ သုံးသပ်ထားသည်။
“လိန်းမင်းဘာဖြစ်သွားသလဲဆိုတာကိုမှတ်ချက်ချနိုင်ဖို့ လွတ်လပ်ပြီး ဘက်လိုက်မှုမရှိတဲ့ စုံစမ်းစစ်ဆေးမှု လုပ်ဖို့လိုအပ်ပါတယ်၊ ပြီးတော့ အချိန်နဲ့အမျှ သူ့ရဲ့ မိသားစုကလည်း ရလဒ်တွေကိုသိနေဖို့ လိုအပ်ပါတယ်၊ တာဝန်ရှိသူတွေ က တာဝန်ကျေဖို့ လိုအပ်ပါတယ်” ဟုလည်း Rachel Fleming မှ ထပ်လောင်းပြောကြားသည်။







