“ဒီကနေ့ (အောက်တိုဘာ ၁) ညနေ ၅ နာရီခွဲကနေ စပြီးပေးပါတယ်။ လောလောဆယ်တော့ မြေပုံမြို့ပေါ် ၉ ရပ်ကွက် တည်းကို ပေးထားတာပါ “ဟု မြေပုံမြို့နယ်လျှပ်စစ်မှူး ဦးဝင်းလှိုင်က ပြောသည်။
လက်ရှိ မြေပုံမြို့ပေါ်တွင် မီတာဘောက်စ် ၁၁၆၆ လုံးဖြင့် မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီးသုံးစွဲလျက်ရှိကြောင်းလည်း မြို့နယ်လျှပ်စစ်ရုံးမှ သိရသည်။
“လောလောဆယ်မီးလိုင်းတွေ မတည်ငြိမ်သေးတော့ ဟိုက မှောင်၊ ဒီကမှောင်နဲ့ အဆင်မပြေသေးဘူး။ သူတို့ပေးတဲ့အချိန်ကနောက်ကျတော့ ပြန်ပြင်ချိန်က မှောင်သွားပြီလေ။ ဘာပဲပြောပြော မီးရတာကတော့ ကောင်းပါတယ်။”ဟု မြေပုံမြို့ရှိ အောင်မင်္ဂလာကျောင်းတိုက်ဆရာတော် ဦးဣန္ဒစာရက နိရဥ္စရာသို့ မိန့်ကြားသည်။
မြေပုံမြို့ပေါ်အပြင် မြို့နယ်တွင်းရှိ ကျေးရွာ ၅ ရွာကိုလည်း ယခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ထုတ်လွှတ်ပေးနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း မြေပုံမြို့နယ်လျှပ်စစ်ရုံးမှ သိရသည်။
မြေပုံအပါအဝင် ရခိုင်ပြည်နယ်ရှိ မြို့အများစုမှာ မဟာဓာတ်အားလိုင်းနှင့် အခြားဓာတ်အားလိုင်းများမှတဆင့် လျှပ်စစ်မီး ၂၄ နာရီရရှိနေပြီဖြစ်ပြီး မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တော၊ ရမ်းဗြဲနှင့် မာန်အောင်မြို့များ မရသေးကြောင်းလည်း သိရသည်။







