လောလောဆယ်တွင် တပ်မတော်စစ်ကြောင်း တစ်ခုရောက်ရှိနေပြီး အောက်နန်းရာရွာဘက်သို့ အသွား ယာကုန်းရွာထိပ်ဝတွင် နေရာယူထားကြောင်း သာယာကုန်းရွာသားတစ်ဦးက ပြောဆိုသည်။
“ အခု လောလောဆယ်တော့ အခြေအနေ ထူးခြားမှုမရှိဘူး။ ငြိမ်သက်နေပါတယ်။ တပ်မတော်စစ်ကြောင်း တစ်ခုတော့ ရောက်နေပါပြီ။ သာယာကုန်းရွာထိပ်ဝမှာ နေရာယူထားပါတယ်” ဟု ပြောဆိုသည်။
စစ်ကြောင်းအနေဖြင့် အခင်းဖြစ်ပွားရာ အောက်နန်း ဘင်္ဂလီရွာထဲသို့ ၀င်မည် မဝင်မည်ကို မသိရသေးဟု ဆိုသည်။
စေတီပြင် အထကတွင်လည်း လုံခြံုရေးစိုးရိမ်ရရာမှ ကျောင်းသားများကျောင်းသို့ မလာကြသဖြင့် စာသင်ကြားခြင်း မရှိကြောင်း သိရသည်။
“ ဆရာ ဆရာမတွေတော့ ကျောင်းကို လာကြပါတယ်။ ကျောင်းကိုလည်း ဖွင့်ထားပါတယ်။ ကျောင်းသားတွေကသာ လုံခြံုရေး အခြေအနေကြောင့် ကျောင်းကို မလာကြပါဘူး” ဟု ကျောင်းသားမိဘ တစ်ဦးက ပြောကြားသည်။
စေတီပြင်စျေးကိုလည်း မောင်သန်းဌေး ပျောက်ဆုံးနေသည့် နေ့ကပင် ရောင်းချမှု ပိတ်ထားပြီး ဘင်္ဂလီလူမျိုးများ၏ ၀င်ထွက်သွားလာမှုကို ပိတ်ထားကြောင်း သိရသည်။
ယနေ့ အောက်နန်းရာရွာတွင် ဖြစ်ပွားခဲ့သည့် ပြသနာမှာ တရားခံဖမ်းဆီးပြီး ပြန်လာကြသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအား အောက်နန်းရာ ဘင်္ဂလီရွာသားများက လူအုပ်ဖြင့် ပိတ်ဆို့ပြီး ဖမ်းဆီးခံထားရသူများကို လုယူရန်နှင့် သေနတ်များကို လုယူရန် ကြိုးပမ်းရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် နီးစပ်သူ သာယာကုန်းရွာသား တစ်ဦးကပြောကြားသည်။
နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၏ စေတီပြင် စခန်းသို့အထွက်လမ်းကို ပိတ်ဆို့ထားသဖြင့် ရွာအနောက်ဘက်သို့ ကန်ကြီးဘောင်ဘက်သို့ ဖောက်ထွက်ခဲ့ရပြီး သေနတ်အချက် ပေါင်းများစွာကို ပစ်ခတ်ခဲ့ရကြောင်း ၎င်းရွာသားက ပြောကြားသည်။
နယ်ခြားစောင့်တပ်ဖွဲ့မှအာဏာပိုင်များနှင့် အဆက်အသွယ်ရသော်လည်း ဖြစ်ပျက်ပုံကို ဖြေကြားရန် ငြင်းဆိုပြီး အထက်ကိုသာမေးပါဟု ပြောဆိုသည်။







