မြောက်ဦးမြို့သစ်ဖော်ထုတ်ရန် ဧက ၄ဝဝ ရှိမြေနေရာအား ပဏာမ ရွေးချယ်အတည်ပြု

မြောက်ဦးမြို့သစ်ဖော်ထုတ်ရန် ဧက ၄ဝဝ ရှိမြေနေရာအား ပဏာမ ရွေးချယ်အတည်ပြု
by -
မာန်ယုကျော်
ရခိုင်ပြည်နယ် မြောက်ဦးမြို့သစ်ဖော်ထုတ်ရန်လျာထားသည့် မြေဧက ၂၇ဝဝ အနက် ထမ္မရာဇ်ရပ်ကွက်၏ မြောက်ဘက်ရှိ ဧက ၄ဝဝ အား ပဏာမရွေးချယ် အတည်ပြုလိုက်ပြီဟု မြောက်ဦးမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က နိရဥ္စရာကိုပြောသည်။ ယခုအတည်ပြုလိုက်သည့်နေရာမှာ မြောက်ဦးမြို့ မြို့အဝင် ထမ္မရာဇ်ရပ်ကွက်၏ မြောက်ဘက် ရန်ကုန်-စစ်တွေကားလမ်းနံဘေးနေရာဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ရွေးချယ်နိုင်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ဇူလိုင်လ ၂၇ ရက်နေ့ကပြုလုပ်ခဲ့သည့် တွေ့ဆုံ ဆွေးနွေးပွဲတွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်းဖြစ်သည်ဟု ဦးထွန်းသာစိန်က ဆိုသည်။ “အခုက ပဏာမအဆင့် သတ်မှတ်လိုက်တာပဲရှိသေးတယ်။ ဘယ်အချိန် အကောင်အထည် ဖော်မလဲဆိုရင် ကျွန်တော်တို့က လူထုကိုအရင်ဆုံးချပြရဦးမယ်။ ပြီးမှ လွှတ်တော်ကနေတဆင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုတင်မယ်။ ရခိုင်ပြည်နယ်အစိုးရကမှတဆင့် ပြည်ထောင်စု အစိုးရကိုတင်ပြပြီး ပြည်ထောင်စုအစိုးရက ချပေးမှပဲ စတင်အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။ အဆိုပါမြေဧက ၄ဝဝ ရာတွင် မြေကွက်များအဖြစ် ပေ ၄ဝ×၆ဝ၊ ပေ ၆ဝ×၄ဝ ၊ ပေ ၆ဝ×၆ဝ နှင့် ပေ ၈ဝ×၈ဝ မြေကွက်များကို ဖော်ထုတ်သွားမည်ဖြစ်ပြီး ယင်းမြေကွက်များကို ပြည်သူများထံ သင့်တော်သည့်စျေးနှုန်းများဖြင့် ရောင်းချပေးသွားမည်ဟုလည်း သိရသည်။ “အခုသတ်မှတ်လိုက်တဲ့နေရာက မီးနဲ့ ရေရဖို့ကလည်း လွယ်တယ်လေ။ အဘောင်တော် အင်းနဲ့လည်း နီးတယ်ဆိုတော့ ရေက အဘောင်တော်အင်းက ယူလို့ရတယ်။ နောက်ပြီး မီးအတွက်တော့ Main လမ်းမကြီးကလည်း ရှိပြီးသားလေ။ ဆိုတော့ မြို့သစ်စီမံကိန်းအတွက် ရေတို့၊ မီးတို့အားလုံးကို သူတို့လုပ်ပေးမယ်လို့ ပြောတယ်”ဟု တွေ့ဆုံပွဲတက်ရောက်ခဲ့သူ မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက နိရဥ္စရာကို ပြောသည်။ မြောက်ဦးမြို့ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်နိုင်ရေးနှင့် မြို့နေလူဦးရေ ထူထပ်လာမှုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော် ရခြင်းဖြစ်သည်ဟုလည်း သိရသည်။ မြို့သစ်စီမံကိန်းတစ်ခုလုံးကို အကောင်အထည်ဖော်နိုင်ရန် ကုန်ကျမည့်ငွေကြေးများကို ကမ္ဘာ့ဘဏ်မှ ချေးငွေများနှင့်အတူ စိတ်ဝင်စားသည့် ပုဂ္ဂလိကကုမ္ပဏီများက စိုက်ထုတ်ပေးသွားမည်ဟုလည်း သိရသည်။
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...