စစ်တွေတက္ကသိုလ် အဝင်လမ်းအား ကောင်းမွန်အောင်လုပ်ပေးရန် တက္ကသိုလ်ကျောင်းသားများလိုလား

စစ်တွေတက္ကသိုလ် အဝင်လမ်းအား ကောင်းမွန်အောင်လုပ်ပေးရန် တက္ကသိုလ်ကျောင်းသားများလိုလား
by -
နိရဥ္စရာ
စစ်တွေတက္ကသိုလ်အဝင်လမ်းမမှာ ပျက်စီးနေသော်လည်း ပြန်မပြုပြင်ဘဲထားသဖြင့် ၎င်းလမ်းကို ကောင်းမွန်အောင်လုပ်ပေးရန် တက္ကသိုလ်ကျောင်းများက လိုလားနေကြသည်။

“ စစ်တွေတက္ကသိုလ်ဆိုတာက အထင်ကရ နေရာတစ်ခုပါ။ အခုစစ်တွေ တက္ကသိုလ် အဝင်လမ်းက ပျက်စီးနေတယ်။ ဟိုနားမှာ ချိုင့်ခွက်၊ ဒီနားမှာ ချိုင့်ခွက်ဖြစ်နေတယ်။ ကားစီးတဲ့အခါရော၊ ဆိုင်ကယ်နဲ့ လာရတဲ့အခါရော အဆင်မပြေဖြစ်နေတယ်။ ဒါကြောင့် ဒီလမ်းကို အမြန်ဆုံး ကတ္တရာထပ်ပိုး ခင်းပေးဖို့ တောင်းဆိုပါတယ်” ဟု တက္ကသိုလ်ကျောင်းသား မောင်ကျော်လင်းဝေက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ပျက်စီးနေသည့် လမ်းပိုင်းမှာ မီးစက်ခွဆုံမှ စစ်တွေတက္ကသိုလ်ဘက်သို့ အဝင်လမ်းဖြစ်ပြီး လမ်းတလျှောက်လုံး ပေါက်ပြဲနေသည်မှာ တစ်နှစ်ကျော် ရှိပြီဖြစ်သော်လည်း သက်ဆိုင်ရာမှ စနစ်ကျ မွန်းမံမှု မရှိကြောင်း သူက ဆက်လက်ပြောကြားသည်။

“သက်ဆိုင်ရာတွေအနေနဲ့ လျစ်လျူရှု အလေးမထားတာပါသလို စနစ်တကျ ပြုပြင်မွန်းမှု မလုပ်ပေးတာလည်း ပါပါတယ်။ ကားနဲ့ဆိုရင်လိုက်ရတာ မသက်သာသလို သုံးဘီးဆိုင်ကယ်နဲ့ဆိုရင် ဆောင့်ပြီး ပိုဆိုးတယ်။ စားလာခဲ့တဲ့ ထမင်းတွေ ဗိုက်ထဲက ပြန်ထွက်သွားမလားလို့တောင် ခံစားရပါတယ်” ဟု မောင်ကျော်လင်းဝေက ဆက်လက် ပြောဆိုသည်။

အဆိုပါ လမ်းသည် ကတ္တရာလမ်းဖြစ်ပြီး ပျက်စီးနေသည့် လမ်းပေါက်များကို ကတ္တရာလောင်းပြီး ပြန်လည်ပြုပြင်ခြင်း မဟုတ်ဘဲ သဲကျောက်များကို ခွဲပြီး ဖာထေးထားသည့်အတွက် ပြုပြင်ပြီး မကြာမီမှာပင် ပြန်၍ပျက်စီးသွားကြောင်း သိရသည်။

“ မီးစက် ခွဆုံအကျော် ရထားလမ်း မရောက်ခင်ကတည်းကနေ တက္ကသိုလ် အနီးထိ လမ်းတလျှောက်လုံး ပေါက်ပြဲနေပါတယ်။ အပေါက်နေရာတွေကို သဲကျောက်တွေနဲ့ ဖာထေးတဲ့ အတွက် မိုးရွာတာနဲ့ တစ်ရက်နှစ်ရက်ကြာရင် ပြန်ပျက်စီးသွားတာကို တွေ့နေရပါတယ်”ဟု တက္ကသိုလ်ကျောင်းသားများကို အကြိုအပို့လုပ်နေသည့် HI Jack ကားမောင်းသမား ဦးခိုင်ဇော်ညွန့်က ပြောသည်။

လမ်းပိုင်းပျက်စီးနေသည်မှာ ၁ နှစ်ကျော်ရှိပြီဖြစ်သော်လည်း စနစ်တကျ မွန်းမံမှု ပြုလုပ်သည်ကို မတွေ့ရှိရကြောင်း၊ လုံခြံုရေးယူနေသည့် ရဲတပ်ဖွဲ့ဝင်များက လမ်းပျက်စီးနေမှုများကို မမြင်နိုင်၍ ၀ိုင်းကူပြီး လမ်းများကို ဖာထေးပေးနေမှုများကို တွေ့ရှိရသည်ဟုဆိုသည်။

“ကျနော် တက္ကသိုလ်ကျောင်းသား အကြိုအပို့ ကားမောင်းတာ လွန်ခဲ့တဲ့နှစ်ကပါ။ စမောင်း ကတည်းက လမ်းမကောင်းဖြစ်နေတာကို သတိထားမိပါတယ်။ လမ်းမကောင်းတော့ ကားတစ်စီးနဲ့ တစ်စီး ရှောင်တိမ်းရခက်ပါတယ်။ အန္တရာယ်ရှိနေပါတယ် ”ဟု ကားသမား ဦးမောင်သန်းလှိုင်ကလည်း ထပ်လောင်း ပြောကြားသည်။

စာမေးပွဲကာလများတွင် ကား၊ သုံးဘီးဆိုင်ကယ်နှင့် ဆိုင်ကယ်များ အသွားအလာ ပုံမှန်ထက် ပိုများပြီး ယင်းသို့ လမ်းဆိုးမှုကြောင့် သွားရေး လာရေး အန္တရာယ်ရှိနေသည်ဟု တက္ကသိုလ် ကျောင်းသားများအား အကြိုအပို့ လုပ်နေသည့် ကားသမားများက နိရဥ္စရာသတင်း ဌာနသို့ ပြောကြားသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...