ရခိုင်ပြည်နယ်အစိုးရပိုင် ရခိုင်ဂေဇက်မှ သတင်းထောက်များအားလုံး နှုတ်ထွက်

ရခိုင်ပြည်နယ်အစိုးရပိုင် ရခိုင်ဂေဇက်မှ သတင်းထောက်များအားလုံး နှုတ်ထွက်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်အစိုးရမှ တည်ထောင်ထားသော ရခိုင်ဂေဇက် ( Rakhine Gazette) ဂျာနယ်မှ သတင်းထောက်များအားလုံးသည် လက်မှတ်ရေးထိုးကာ နှုတ်ထွက်စာတင်လိုက်ကြသည်ဟု သတင်းရရှိသည်။

“ကျနော်တို့ သူတို့နဲ့ ရှေ့ဆက်သွားလို့မရနိုင်တော့တဲ့အခြေအနေရောက်လာလို့ အခုလို တရားဝင် နှုတ်ထွက်စာတင်လိုက်ရတာပါ “ဟု နှုတ်ထွက်စာတင်ရာတွင် ပါဝင်သည့် Rakhine Gazette ဂျာနယ်မှ မီဒီယာတာဝန်ခံ ကိုမိုးဝေက နိရဥ္စရာသို့ ပြောသည်။

Rahine gazနုတ်ထွက်စာတင်လိုက်ကြသည့် သတင်းသမားများမှာ Rakhine Gazette ဂျာနယ်တွင်တာဝန်ထမ်းဆောင်နေသည့် မီဒီယာတာဝန်ခံ ဦးညွှန်းဝင်း (မိုးဝေ) ၊ တာဝန်ခံအယ်ဒီတာ ဦးမင်းအောင်ခိုင် ၊ အယ်ဒီတာ ဦးနေဝင်းစံ ၊ သတင်းထောက်ချုပ် ဦးသက်နိုင်ဝင်း၊ သတင်းထောက် ဦးလှဌေးမောင်၊ ဦးဇော်သိန်းနိုင်နှင့် Layout ဒီဇိုင်နာ ဦးနေခသော် တို့ ဖြစ်ကြသည်။

အဆိုပါ သတင်းအဖွဲ့ဝင် (၇)ဦးတို့ သည် ဇူလိုင်လ ၁၇ ရက်နေ့က သူတို့၏ နုတ်ထွက်လွှာအား လက်မှတ်ရေးထိုးကာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီးအပါအဝင် ပြည်နယ်ဝန်ကြီးများနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏အတွင်းရေးမှူးတို့ထံ ပေးပို့လိုက်ခြင်းဖြစ်သည်။

နှုတ်ထွက်စာထဲတွင် Rakhine Gazette ဂျာနယ်၏ မီဒီယာဌာနတွင် တာဝန် ထမ်းဆောင်သော ဝန်ထမ်းများအား စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က မကြာခဏ အလုပ်ထုတ်မည်၊ မလုပ်ချင်လျှင် ထွက်သွားကြဟု ခြိမ်းခြောက် ပြောဆိုခြင်းများရှိပြီး သတင်းများအားလည်း အကြောင်းအရာအချက်အလက် ခိုင်မာမှုမရှိဘဲ ရေးသားခိုင်းခြင်း၊ ထိုသတင်းများအား ရေးသားဖော်ပြရန် မေးမြန်းသော်လည်း တိတိကျကျပြောဆိုနိုင်မှုမရှိဘဲ သတင်းသမားများကိုသာ အပြစ်တင်ပြောကြားမှုများရှိခဲ့ကြောင်း ဖော်ပြထားသည်။

“အစိုးရအဖွဲ့အနေနဲ့ ကျွန်တော်တို့ Run နေတဲ့ကိစ္စကို မူဝါဒဖြစ်ဖြစ်၊ တစ်ခုခု ချပေးဖို့ တောင်းပေမယ့် ချမပေးတာတွေ့ရတယ်။ ကျွန်တော််တို့လိုချင်တာက ဝန်ကြီးချုပ်တို့ အဖွဲ့က ဒီဂျာနယ်နဲ့့ပတ်သက်ပြီး ဘယ်လိုမူဝါဒတွေရှိလဲပေါ့လေ။ ပြောရမယ် ဆိုရင်တော့ ဒီဂျာနယ်အပေါ်မှာ တိကျတဲ့ မူဝါဒတွေမရှိဘူး။”ဟု Rakhine Gazette ဂျာနယ်မှ မီဒီယာတာဝန်ခံ ကိုမိုးဝေက ပြောသည်။

ယင်းသို့ မူဝါဒများကို ချမပေးသည့်အတွက် သတင်းအဖွဲဲ့သားအားလုံးသည် စိတ်ရှုပ်စရာများနှင့်ကြံုတွေ့နေရရာမှ သြဂုတ်လ ၁ ရက်နေ့မှစတင်ကာ အလုပ်မှ နှုတ်ထွက်ကြတော့မည် ့ဖြစ်ကြောင်းကို ၎င်းတို့၏ စာထဲတွင် ဆက်လက် ဖော်ပြထားသည်။

“ဘယ်နေ့ ဘယ်ရက်မှာ ဝန်ကြီးချုပ်ဘယ်ကိုသွားမယ်ဆိုပါစို့။ ကျွန်တော်တို့ မသိဘူး။ သွားမယ့်နေ့ကျမှ လာပြောတယ်။ ဆိုတော့ ကျွန်တော်တို့အဖွဲ့နဲ့ အစိုးရအဖွဲ့ ချိတ်ဆက်လို့မရှိဘူးပေါ့လေ။ ကျွန်တော်က သတင်းထည့်ချင်တယ်။ သူတို့က ချက်ချင်းမပေးနိုင်။ အဲလိုမျိုးပါ။ ပြောရမယ်ဆိုရင်တော့ အများကြီးပါ “ဟုလည်း ကိုမိုးဝေက ဆက်ပြောသည်။

စာတင်ပြီးနောက် ရခိုင်ပြည်နယ်အစိုးရက Rakhine Gazette ဂျာနယ်တွင် တာဝန်ထမ်းဆောင်ရန် ထပ်မံကမ်းလှမ်းလာပါကလည်း ဆက်လက် လုပ်ကိုင် သွားမည်မဟုတ်ဟု နှုတ်ထွက်လိုက်သူများက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်၏ သဘောထားကို သိရှိနိုင်ရန် နိရဥ္စရာကဆက်သွယ်ရာ ၀န်ကြီး၏ ကိုယ်ရေးအရာရှိမှ သတင်းသမားများအား ယခင် ပြောကြားနေကျအတိုင်း “ဝန်ကြီး အစည်းအဝေးတက်နေပါတယ်” ဟု ပြောကြားသည်။

“ ဘယ်တော့ အစည်းအဝေးပြီးပါမလဲ” ဟု ဆက်လက်မေးမြန်းရာ “ တိတိကျကျ မသိရှိကြောင်း၊ လက်ရှိ မီဒီယာတာဝန်ခံနဲ့ပြောပါ”ဟု ဆိုကာ ပြန်လည် ပြောဆိုသွားခဲ့သည်။

လက်ရှိ Rakhine Gazette ဂျာနယ်၏ မီဒီယာတာဝန်ခံဟုဆိုသူ ဒေါ်ချစ်ချစ်ချော အား နိရဥ္စရာ သတင်းဌာနကဆက်သွယ်ပြီး သတင်းသမားများ နှုတ်ထွက် စာတင်လိုက်ခြင်းနှင့် ပတ်သက်ပြီး ဘာများပြောလို ပါသလဲဟုမေးမြန်းရာ “ဘာမှ မပြောချင်ပါဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။

Rakhine Gazette ဂျာနယ်ကို NLD အစိုးရသစ်တက်လာပြီးနောက်ပိုင်း ၂ဝ၁၆ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး တစ်လလျှင် နှစ်ကြိမ်နှုန်းဖြင့် ရခိုင်ပြည်နယ်တွငး် ဖြန့်ချိနေသည့် ဂျာနယ်ဖြစ်သည်။

ယခုလို သတင်းသမားများ အစုလိုက်အပြုံလိုက် နှုတ်ထွက်မှုသည် လက်ရှိ အစိုးရလက်ထက်တွင် ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရှိရသည်။

January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...