ရခိုင်ပြည်နယ်မှ တစ်ချို့မြို့နယ်များတွင် ကျောင်းကို ၁၄ နှစ်ကြာသည်ထိ မရောက်ရှိဘဲ လစာထုတ်စားနေသည့် ဆရာမများရှိကြောင်း ဦးအောင်ကျော်ထွန်းက ပြောဆိုသည်။
“မနှစ်က တစ်ချို့ကျောင်းတွေကို ရှောင်တစ်ခင်ဝင်ရောက် စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ တစ်ချို့မြို့နယ်တွေမှာ ဘယ်လောက်ထိဆိုးသလဲ ဆိုလို့ရှိရင် ၁၄ နှစ်လောက် ကျောင်းကို မရောက်ဖူးတဲ့ ဆရာမတွေရှိပါတယ် ” ဟု ရခိုင်ပြည်နယ်ပညာရေးမှူးက ပြောသည်။
တစ်ချို့ကျေးရွာများတွင် ဆရာ ဆရာမများကျောင်းကို မလာဘဲ တာဝန်ကျရာရွာမှ အဝေးသင်ကျောင်းသား တစ်ဦးဦးကို လစာခွဲဝေပေးကာ စာပြခိုင်းထားသည့် ဖြစ်စဉ်များကိုလည်း တွေ့ရသည်ဟု ပြောဆိုသည်။
“ တစ်ချို့ဆရာ/ဆရာမတွေက ကိုယ်တိုင်သွားရောက် မသင်ကြားကြဘူး။ မသင်ကြားနိုင်တဲ့ အခါ ကျေးရွာများရှိတဲ့ အဝေးသင်ကျောင်းသားတစ်ဦးဦးကို မိမိလစာထဲမှ တစ်ချို့တစ်ဝက်ပေးပြီး စာသင်ပြတာတွေကိုလည်း တွေ့ခဲ့ရတယ်။ မြို့နယ်ပညာရေးမှူးတွေကို လာဘ်ပေးပြီး စာမပြဘဲ လစာထုတ်စားနေတဲ့ အစဉ်အလာဟာ ရခိုင်ပြည်နယ်အတွင်းမှာ ဆယ်စုနှစ် ၂ ခုကျော် ရှင်သန် နေခဲ့တာကို တွေ့ရပါတယ်” ဟု ဦးအောင်ကျော်ထွန်းက ပြောဆိုသည်။
ယခုကဲ့သို့ဖြစ်ပျက်နေခဲ့သည်ကို သက်ဆိုင်ရာမှ ထိထိရောက်ရောက် အရေးမယူခဲ့သဖြင့် ရခိုင်ပြည်နယ်၏ ပညာရေးမှာ ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယခုကဲ့သို့ ဖြစ်ပျက်ရခြင်းမှာလည်း ဆရာ ဆရာမများအနေဖြင့် လစာ မလုံလောက်ရာမှ စားဝတ်နေရေး ခက်ခဲလာသဖြင့် ဖြစ်ပျက်ခဲ့သည်ကို စိစစ်တွေ့ရှိခဲ့ရသည်ဟု ပြောဆိုသည်။
“၁၉၈၈ နောက်ပိုင်းမှာ ဆရာဆရာမတွေရဲ့လစာနဲ့ စားဝတ်နေရေးအတွက် မလုံလောက်မှုတွေကို ကြံုတွေ့လာခဲ့ရပါတယ်။ တစ်ချို့တစ်ချို့ ရွာတွေက ဆရာ ဆရာမတွေအပေါ်မှာ အာရုံစိုက်မှု အားနည်းပြီး နေရေးထိုင်ရေး၊ စားရေးအတွက် ပံ့ပို့မှု အားနည်းတဲ့အတွက် ဆရာ ဆရာမတွေဟာ ကျောင်းကို ရောက်ဖို့ ခက်ခက်ခဲခဲ ရှိခဲ့ပါတယ်။ ဆရာ ဆရာမတွေ ကျောင်းကို မရောက်တဲ့အတွက် ပညာကို အချိန်ပြည့် မသင်ပြနိုင်ခဲ့ပါဘူး။ ဒါကြောင့် ပညာရေး နိမ့်ကျလာရတာတွေကို စိစစ်တွေ့ရှိရပါတယ် ”ဟု သူက ဆက်လက် ပြောဆိုသည်။
ဆရာ ဆရာမများ စာမပြမှုများသည် မြို့နယ်တိုင်းတွင် ဖြစ်ပွားနေခဲ့ပြီး ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့ရှိ မြို့ပေါ်ကျောင်းများတွင်ပင် ရှိနေသည်ဟု ဆိုသည်။
စာမေးပွဲတွင် မသာမှုပြုလုပ်ပြီး ခိုးချမှုများသည် ရခိုင်ပြည်နယ်ပညာရေးကို အရုပ်ဆိုးအကျဉ်းတန်စေသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် ပညာရေးလောကတွင် ခိုးချမှု အကျင့်စရိုက်များသည် ၁၉၉၀ ခုလွန် နှစ်များတွင် ကြီးကြီးမားမား ပေါ်ပေါက်လာခဲ့သည်ဟုဆိုသည်။ ခိုးချမှုများတွင် ကျောင်းသားများသာမက မိဘများနှင့် ဆရာဆရာမများပါ ပူးပေါင်း ပါ၀င်မှုရှိခဲ့သည်ဟု ဆိုသည်။
“တက္ကသိုလ်ဝင်တန်းတွေမှာ ကျောင်းသားတွေဟာ စာမဖတ်ကြတော့ဘဲ ကံကောင်းရင် ဖြေဆိုနိုင်လိမ့်မယ်လို့ ပြောဆိုတဲ့စကားတွေ ခေတ်စား လာခဲ့ရပါတယ်။ ဆိုလိုတာကတော့ စာမေးပွဲ အစောင့် ဆရာတွေနားလည်မှု ပေးခဲ့ရင် ခိုးချဖို့ အခွင့်အရေးရတာကို ကံကောင်းတယ်လို့ သတ်မှတ်ပြီး၊ ကြပ်မတ်တဲ့ ဆရာတွေနဲ့ ကြံုခဲ့ရင် ခိုးချခွင့် မရတာကို ကံမကောင်းဘူးလို့ သတ်မှတ် ကြပါတယ်”ဟု ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောဆိုသည်။
ရခိုင်ပြည်နယ် ပညာရေးလောက ဦးမော့လာစေရန် ဆရာ ဆရာမများ စာပြမှု မပျက်ကွက်ရအောင် စိစစ်ဆောင်ရွက် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ပြီး၊ လွန်ခဲ့သည့်နှစ်မှ စတင်ပြီး ခိုးချမှုများ ပပျောက်အောင် ရခိုင်ပြည်နယ် ပညာရေးဦးစီးဌာနက ဆောင်ရွက်ခဲ့သည်ဟု သိရှိရသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက “စာခိုးချမှုဟာ အတန်းငယ်တွေကတည်းက စတင်ခဲ့ပြီး၊ တက္ကသိုလ်ဝင်တန်းမှာသာ ခိုးချရုံမကဘဲ အဝေးသင် စာမေးပွဲတွေမှာလည်း ခိုးချတာတွေကို တွေ့မြင် နေရပါတယ်။ အဝေးသင် စာမေးပွဲပြီးခဲ့ရင် စစ်တွေ တက္ကသိုလ်အနီး ဘုမေရွာဘက်မှာ ခိုးချစာရွက်တွေ မြင်မကောင်းအောင် တွေ့မြင်ခဲ့ရပါတယ်”ဟု ထောက်ပြ ပြောဆိုခဲ့သည်။







