Published
Sunday, July 16, 2017
ကုတင် ၅၀၀ ဆံ့ စစ်တွေဆေးရုံ ပြင်ပအရေးပေါ်ဌာနတွင် တာဝန်ကျဆရာဝန် မလုံလောက်၍ ပြင်ပလူနာများ အခက်အခဲဖြစ်နေ
ပြင်ပအရေးပေါ်ဌာနတွင် ဇူလိုင်လ ၁၅ ရက်နေ့တွင် လူနာများကို တွေ့ရှိရစဉ်
ဇူလိုင် ၁၆
ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးအား ကုတင်၅၀၀ ဆံ့ ဆေးရုံကြီးအဖြစ် ဆိုင်းဘုတ်ထောင်ထားသော်လည်း လက်တွေ့တွင် ကုတင် ၃၅၀ ဆံ့ အဆင့် သာ ရှိနေသေးပြီး ပြင်ပ အရေးပေါ်ဌာနတွင်လည်း ဆရာဝန် မလုံလောက်၍ ပြင်ပ လူနာများ အနေဖြင့် ဆေးရုံလာပြရာတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်ကြံုတွေ့ နေရသည်ဟု သတင်းရရှိသည်။
တစ်နေ့ကို ပြင်ပ လူနာ ၁၀၀ မှ ၁၂၀ အထိ လာရောက်ပြသနေသည့် စစ်တွေ ဆေးရုံကြီး ပြင်ပ အရေးပေါ်ဌာနတွင် တာဝန်ကျ ဆရာဝန် ၂ ဦးနှင့် ရုံးပိတ်ရက်တွင် တစ်ဦးသာ ထားရှိနိုင်သဖြင့် ထိုသို့ အခက်အခဲ ကြံုတွေ့နေရခြင်း ဖြစ်ကြောင်း သိရသည်။
“စစ်တွေ ဆေးရုံကြီးကို စစ်တွေမြို့နယ်အပြင် နီးစပ်ရာမြို့နယ်တွေကလည်း လာရောက် ပြသတဲ့အတွက် တစ်နေ့မှာ ပျမ်းမျှ လူနာ ၁၀၀ ကနေ ၁၂၀ ထိ လာရောက်ပြသနေပြီးတော့ အတွင်းလူနာအဖြစ် တစ်နေ့ကို ၅၀ ကနေ ၆၀ ထိ လက်ခံကုသနေရပါတယ်။ တာဝန်ကျ ဆရာဝန်တွေအနေနဲ့ အရေးပေါ်၊ အရေးကြီး လူနာနဲ့ အသေးစားဒဏ်ရာ၊ နဲ့ ပြင်ပအခြားလူနာတွေကို ကြည့်ရှုပေးနေရတဲ့အတွက် တာဝန်ကျ ဆရာဝန်တွေကို တိုးချဲ့ဖို့ လိုအပ်နေပါတယ်”ဟု စစ်တွေဆေးရုံကြီး ဆေးရုံအုပ်လည်းဖြစ် ပြည်နယ်ကုသရေး ဦးစီးဌာနမှူးလည်း ဖြစ်သူ ဒေါက်တာ ဦးရွှေသိန်းက နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။
ရခိုင်ပြည်နယ်မြို့တော် စစ်တွေအထွေထွေရောဂါကု ဆေးရုံကြီးကို ၅၀၀ ကုတင်ဆံ့ ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ထားသော်လည်း လက်ရှိတွင် ကုတင် ၃၅၀ သာ ထားရှိနိုင်သေးကြောင်းလည်း ဆေးရုံအုပ်ကြီးက အတည်ပြု ပြောကြားသည်။
ပြင်ပအရေးပေါ်ဌာနသို့ လာရောက်ပြသသူများနေခြင်းမှာ နယ်ဒေသများမှ လူနာများ စစ်တွေဆေးရုံကြီးကို တိုက်ရိုက်လာပြနေ၍ ဖြစ်ကြောင်း သူက ဆိုသည်။
“ရန်ကုန်မြို့မှာဆိုရင် သက်ဆိုင်ရာမြို့နယ်နဲ့ ဒေသန္တရ ဆေးရုံတွေမှပြသပြီးမှ ကုသလို့ မပျောက်ကင်းတဲ့ လူနာတွေကို ဆေးရုံကြီးသို့ လွှဲစာနဲ့ ပြောင်းရွှေ့ လာပြီးမှ လက်ခံကုသပေးပါတယ်။ စစ်တွေမှာက အဲ့ဒီလိုမျိုး မဟုတ်ဘူး။ အခြားမြို့နယ်နဲ့ စစ်တွေမြို့နယ်က သာမန်ဖျားနာတဲ့ သူတွေလည်း စိုးရိမ်ကြတဲ့အတွက် စစ်တွေ ဆေးရုံကြီးမှာပဲ တိုက်ရိုက် လာရောက် ပြသနေကြပါတယ်။ ကျွန်တော်တို့လည်း လူနာတိုင်းကို လက်ခံစစ်ဆေး ကုသပေးနေပါတယ်”ဟု စစ်တွေဆေးရုံအုပ်က ပြောသည်။
ယင်းသို့ စစ်တွေဆေးရုံကြီးသို့ လူနာအများအပြား လာရောက်ပြသ ကုသမှုကို ခံယူနေကြသည့်အတွက် တစ်ချို့လူနာဆောင်များတွင် လူနာနှင့် ကုတင်မဆံ့သဖြင့် အခြားအဆောင်များမှ အစားထိုးပေးနေရသည်ဟု ဆိုသည်။
“ကျွန်တော်တို့ ကလေးဆောင်မှာ ကုတင် ၆၀ ရှိပေမယ့် ယခုလက်ရှိမှာ လူနာ ၉၀ ခန့်ရှိနေတဲ့အတွက် အခြားအဆောင်က ကုတင်တွေကို ယူပြီး ထားပေး နေရပါတယ်”ဟု ပြောသည်။
လက်ရှိ စစ်တွေဆေးရုံကြီးတွင် အထူးကုနှင့် လက်ထောက်ဆရာဝန်အပါအဝင် ဆရာဝန် စုစုပေါင်း ရ၂ ဦးရှိသည့်အနက် ကလေးလူနာဆောင်အတွက် အထူးကု ဆရာဝန် ၂ ဦးနှင့် လက်ထောက် ဆရာဝန် ၅ ဦး ချပေးထားသည်ဟု သိရသည်။
မေလမှ ဇူလိုင်လအတွင်း ကလေးများတွင် အဖြစ်များသည့် သွေးလွန် တုတ်ကွေး ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မားနေကြောင်းသိရသည်။
“သွေးလွန်တုတ်ကွေးဖြစ်ပွားပြီး စစ်တွေဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် လက်ခံ ကုသပေးခဲ့ရတဲ့ လူနာအရေအတွက်ကတော့ မေလမှာ ၁၃၉ ယောက်၊ ဇွန်လမှာ ၃၂၆ ယောက်နဲ့ ဇူလိုင်လမှာ ၁၁ ရက်နေ့ထိ စာရင်းအရ ၁၇၅ ယောက် ရှိသွားပြီဖြစ်ပါတယ်”ဟု ဆေးရုံအုပ် ဒေါက်တာဦးရွှေသိန်းက ပြောသည်။
၂၀၁၇ ခုနှစ်တွင် ဇန္နဝါရီလမှ ဇူလိုင်လအထိ စစ်တွေမြို့ဆေးရုံကြီးတွင် သွေးလွန် တုတ်ကွေးကြောင့် လူနာ ၈၆၆ ဦးကို အတွင်းလူနာအဖြစ် လက်ခံကုသပေးခဲ့ရပြီး သေဆုံးသူ ၁၀ ဦးရှိသွားပြီဖြစ်ကြောင်း သိရသည်။
စစ်တွေဆေးရုံကြီးတွင် လက်ခံကုသပေးနေရသည့် လူနာများပြားနေသည့်အပြင် လူနာစောင့်များမှာလည်း သတ်မှတ်ထားသော အရေအတွက်ထက် များပြား နေသည်ဟု ဆိုသည်။
“ကျွန်တော်တို့ ရိုးရိုးလူနာတစ်ယောက်အတွက် လူနာစောင့်တစ်ယောက်နဲ့ အရေးပေါ်လူနာအတွက် လူနာစောင့် ၂ ယောက် သတ်မှတ်ထားပေမယ့် လူနာစောင့်က သတ်မှတ်ထားတာထက် များနေတဲ့အတွက် လူနာစောင့်တွေ အတွက် အိပ်ဖို့ နေရာတွေလည်း အခက်အခဲ ရှိနေတာကိုတွေ့ရှိရပြီးတော့ ရောဂါကူးစက်မှုအတွက်လည်း စိုးရိမ်နေရပါတယ်”ဟု ၄င်းကပြောသည်။
စစ်တွေဆေးရုံကြီးတွင် အသစ်ဆောက်လုပ်နေသော ဆေးရုံပြီးစီးမှ ကုတင် ၅၀၀ ကို အပြည့်ထားပေးနိုင်မည်ဖြစ်ပြီး ပြင်ပအရေးပေါ်ဌာနအတွက်လည်း တာဝန်ကျ ဆရာဝန် ၄ ဦးအထိ ထားပေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စစ်တွေအထွေထွေဆေးရုံကြီး ပြင်ပ အရေးပေါ်ဌာနသို့ လာရောက်ပြသည့် ကလေးလူနာ ဖခင် တစ်ဦးကလည်း နံနက် ၉ နာရီကတည်းက လူနာ စာရင်းသွင်းရန် ရောက်ရှိလာသော်လည်း လာပြသည့် လူနာများပြီး စစ်ဆေးသည့် ဆရာဝန် နည်းပါးခြင်းကြောင့် နေ့လယ် ၁ နာရီမှ စာရင်းသွင်းရခြင်းကြောင့် လူနာရော၊ လူနာစောင့်မိဘများမှာ အထူးပင်ပန်းကြရသည်ဟု ပြောကြားသည်။







