မြောက်ဦးမြို့သစ် စီမံကိန်းရေးဆွဲ

မြောက်ဦးမြို့သစ် စီမံကိန်းရေးဆွဲ
by -
နိရဥ္စရာ
ရခိုင်ရှေးဟောင်းမြို့တော် မြောက်ဦးအတွက် မြို့သစ်စီမံကိန်းတစ်ခုကိုရေးဆွဲပြီး မြေနေရာကိုရှာဖွေတွေ့ရှိထားပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြောကြားသည်။

ဇူလိုင်လ ၁၃ ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပဥ္စမအကြိမ်မြောက် အစည်းအဝေးသတ္တမနေ့တွင် မြောက်ဦးမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်၏ အဆိုနှင့်ပတ်သက်၍ ရှင်းလင်းစဉ် ၀န်ကြီးက ထိုသို့ပြောကြားသွားခြင်း ဖြစ်သည်။

“အခုမြို့သစ်တည်ဆောက်မယ့် နေရာကတော့ မြောက်ဦးမြို့ရဲ့ မြောက်ဘက် ကားလမ်း မြို့အထွက် ကျောက်တော်မြို့ဘက်ကို သွားနေရာနားမှာ ဧက ၂၇၀၀ ခန့်ကို ကျနော်တို့ ရှာဖွေတွေ့ရှိပြီးတော့ ပထမနေရာ အနေနဲ့ ဧက ၅၀၀ ကို စီမံကိန်းရေးဆွဲပြီးတော့ တင်မယ်။ တင်ပြီးတဲ့အခါကျမှ ကျနော်တို့ ပြည်သူတွေကို တင်ပြပြီးတော့ ဒီအပေါ်မှာ ဆက်လက် အကောင်အထည်ဖေါ် ဆောင်ရွက်သွားပါမယ်”ဟု ၀န်ကြီး ဦးအောင်ကျော်ဇံက ရှင်းလင်း ပြောကြားခဲ့သည်။

လက်ရှိအနေအထားတွင် မြောက်ဦးမြို့သည် ရှေးဟောင်းမြေဧရိယာအတွင်း တည်ရှိပြီး လူဦးရေ ထူထပ်လာခြင်း၊ ချောင်းမြောင်းများ တိမ်ကောလာခြင်း တို့ကြောင့် ရေကြီး ရေလျှံမှုများကို ရင်ဆိုင်နေရကြောင်း၊ တစ်ဘက်တွင်လည်း အိမ်ယာများကို ချောင်းတွင်းသို့ ကျူးကျော်လာမှု၊ အမှိုက်သရိုက်များကို စနစ်တကျ စွန့်ပစ်မှုမရှိသောကြောင့် ရှေးဟောင်းအမွေအနစ်ပေါများသည့် မြောက်ဦးမြို့မှာ အလွန်တရာ ရုပ်ဆိုးသည့် မြို့တစ်ခု အနေနှင့် တည်ရှိနေသောကြောင့် မြို့ကို တိုးချဲ့ရန်လိုအပ်လာသဖြင့် မြို့သစ်စီမံကိန်းကို ရေးဆွဲရခြင်း ဖြစ်သည်ဟု ၀န်ကြီးက ပြောကြားသည်။

narinjara1402

“လက်ရှိအနေအထားမှာ မြောက်ဦးမြို့သည် ရှေးဟောင်း အဆောက်အဦတွေနဲ့ ပြည့်နှက် နေပြီးတော့ ကျွန်တော်တို့ ရှေးဟောင်း အမွေအနှစ်ဝင်ဖို့ အတွက်လည်းပဲ UNESCO နဲ့ ပေါင်းစပ်ပြီးတော့ ကြိုးစားနေတဲ့အချိန်ဖြစ်ပါတယ်”ဟု ၀န်ကြီးက ပြောသည်။

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးဇုန်နှင့် မြို့ရွာဖွံ့ဖြိုးရေးတို့ ထိပ်တိုက်တွေ့ဆုံခြင်းကို ရှောင်ရှားပြီး ခေတ်မီမြို့ပြတည်ဆောက်ရေးသို့ သွားနိုင်ရန် မြောက်ဦးမြို့သစ် စီမံကိန်းတစ်ခုကို အကောင်အထည်ဖေါ် ဆောင်ရွက်နေကြောင်း သိရသည်။

ယခုရွေးချယ်ခဲ့သော မြေနေရာသည် ရှေးဟောင်းဇုန်နှင့် ကင်းလွတ်သည့်နေရာ၊ စီးပွားရေးအရ ဖွံ့ဖြိုးမှု မြန်နိုင်မည့်နေရာ၊ ရေစီးရေလာကောင်းမွန်သည့်စနစ် ဖြစ်နိုင်သည့် နေရာမျိုးဖြစ်ပြီး ၀န်ကြီးချုပ်၊ ၀န်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ကွင်းဆင်း စစ်ဆေးခဲ့ပြီးသော နေရာဖြစ်သည်ဟု ဆိုသည်။

ယခင်အစိုးရလက်ထက်က ၂၀၁၅ ခုနှစ်တွင် မြို့ပြနှင့် အိမ်ယာဦးစီးဌာနက မြောက်ဦးမြို့သစ် စီမံကိန်းတစ်ခုကို ရေးဆွဲပြီး အစိုးရကို တင်ပြခဲ့ဖူးသော်လည်း အဆိုပါ မြေနေရာသည် မြစ်ရေကြီးသည့် လေးမြို့မြစ်၏ ရေလွှမ်းမိုးခြင်းကို ခံရသည့် နေရာဖြစ်ပြီး၊ ရှေးဟောင်းဧရိယာနှင့် မလွတ်ကင်းသည့်အတွက် ယခု လက်ရှိအစိုးရ လက်ထက်တွင် မြေနေရာသစ်တစ်ခုကို ရှာဖွေ ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

မြို့သစ်တည်ဆောက်ရာတွင် ခေတ်မီသည့် မြို့ပြတစ်ခုနှင့် ကိုက်ညီသောလမ်း၊ လျှပ်စစ်၊ ရေးပေးစနစ်၊ ရေဆိုးရေညစ်စီမံခန့်ခွဲမှု၊ ရေမြောင်းစနစ်များ ပြည့်ပြည့်စုံစုံပါ၀င်နိုင်အောင်နှင့် မြောက်ဦးမြို့၏ စီးပွားရေးအနေအထား၊ ပထဝီအနေအထားနှင့် သမိုင်းဝင် အနေအထားများကို အခြေခံပြီး မြို့ပြစီမံကိန်း ရေးဆွဲနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့က မြို့ပြနှင့် အိမ်ယာဦးစီးဌာနသို့ လမ်းညွှန်ချက်များ ပေးထားပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် မြောက်ဦးမြို့သည် ရှေးဟောင်းအမွေအနှစ်ဝင် မြို့တော်တစ်ခုဖြစ်ပြီး၊ ရခိုင်ပြည် Icon တစ်ခုဖြစ်သည်ဟု ၀န်ကြီး၏ ရှင်းလင်းချက်ထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...