ချိပ်ပိတ်ခံထားရသော ဘုန်းတော်ကြီးကျောင်း ပြန်လည်ဖွင့်လှစ်ပေးရန် ကျောက်ဖြူတွင် ဆန္ဒဖော်ထုတ်တောင်းဆို

ချိပ်ပိတ်ခံထားရသော ဘုန်းတော်ကြီးကျောင်း ပြန်လည်ဖွင့်လှစ်ပေးရန် ကျောက်ဖြူတွင် ဆန္ဒဖော်ထုတ်တောင်းဆို
by -
နိရဥ္စရာ/ကျော်ဝင်း
ကျောက်ဖြူမြို့နယ်၊ ကလန့်တဲကျေးရွာအုပ်စု၊ မူရွင်းကျေးရွာတွင် သော့ခတ်ချိပ်ပိတ်ခံထားရသော မူရွင်းဘုန်းတော်ကြီးကျောင်းကို ပြန်လည်ဖွင့်ပေးရန်အတွက် ရွာသားများမှ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။

ဇူလိုင်လ ရ ရက်နေ့က မွန်းတည့် ၁၂ နာရီခန့်က လူပေါင်း ၂၀၀ ခန့်က ဘုန်းတော်ကြီးကျောင်း ပြန်ဖွင့်လှစ်ပေးရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်သာသနာရေးဦးစီးဌာန၊ မြို့နယ် သံဃာ့နာယက ဥက္ကဌ၊ င/လပွေ့ဆရာတော်၊ ယှပ်လှဲကျောင်းဆရာတော် ဦးစကိန္ဒ၊ မြို့မ အလယ်ကျောင်း ဆရာတော် ဦးပညာဝံသ တို့ကို အဓိကထား တောင်းဆိုကြတာဖြစ်ကြောင်း ဦးဆောင်သူ ဦးထွန်းထွန်း ကပြောသည်။

‘‘ ဗုဒ္ဓဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်မရှိတဲ့အတွက် ဒီနေ့ ဆန္ဒပြပွဲကို ပြုလုပ်ရတာဖြစ်ပါတယ်။ ကျနော်တို့ ကျောင်းဟာ (၁၀)နှစ်တိုင်တိုင် မတရား ပိတ်ပင်ခံထားရတဲ့အတွက် သာရေး နာရေးက အစ တော်တော် အခက်အခဲ ဖြစ်နေပါတယ်။ နာရေးတစ်ခုဖြစ်ပြီဆိုရင် (၁၅)မိုင်လောက်ကွာဝေးတဲ့ တောင်ငူ ကျေးရွာနဲ့ ၀မြှောင်ကျေးရွာက ဘုန်းကြီးတို့ကို ပင့်ပြီး အသုဘချနေရတယ်။ ဒါကြောင့် ကျနော်တို့ မခံမရပ်နိုင်ဖြစ်လို့ ဆန္ဒဖော်ထုတ်ရတာပါ’’ဟုသူကပြောသည်။

၎င်းဘုန်းတော်ကြီးကျောင်းကို ၂၀၀၈ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ကျောက်ဖြူ မြို့နယ်သာသာနာရေးဦးစီးမှူး ဦးဆန်းထွန်းအောင် နေ့လယ် ၂ နာရီ ၄၀ မိနစ်တွင် ပိတ်ပင်သွားကြောင်း သိရသည်။

မူရွင်းကျေးရွာတွင် ယခင်က ဘုန်းတော်ကြီးကျောင်း(၃)ကျောင်းရှိခဲ့ကြောင်း၊ တစ်ကျောင်းတည်းအဖြစ် ပေါင်းစည်းရန် ဖိအားပေးသည့် အပေါ် အိမ်ခြေ(၃၄) ဆောင်မှ လက်မခံရာမှ ချိပ်ပိတ်ခံထားရခြင်း ဖြစ်ကြောင်း၊ ၎င်း ဘုန်းတော်ကြီးကျောင်းမှာ နှစ်ပေါင်း(၈၀၀)ခန့်ရှိပြီဟု ဦးထွန်းထွန်း ကပြောသည်။

ဆန္ဒဖော်ထုတ်သူများသည် ကျောက်ဖြူမြို့ အဝင်ဝတွင် စတင်စုဝေးပြီး အဆိုပါ နေရာမှ တစ်ဆင့် ဗိုလ်ငမောက်လမ်း၊ အကျဉ်းဦးစီးရှေ့လမ်း၊ ဦးဥတ္တမလမ်း၊ င/လပွေ့ဘုန်းကြီးကျောင်းရှေ့၊ ငလပွေ့လမ်း၊ ဦးဥတ္တမလမ်း၊ ခရိုင်သာသနာရေး ဦးစီးဌာနရုံးရှေ့၊ ယှပ်လှဲကျောင်းရှေ့၊ ဘုန်းကြီးကျောင်းလမ်း၊ အလယ်ကျောင်းရှေ့၊ ဘုရားကြီးတောင်သွားလမ်း၊ ဘုရားကြီးကွင်းထိ လမ်းလျှောက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

(မဟန)မှ မတရားသော့ခတ်ထားသော မူရွင်းရွာဘုန်းကြီးကျောင်းဖွင့်လှစ်ပေးရေး၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း လွတ်လပ်စွာကိုးကွယ်ခွင့်ရရှိရေး ဒို့အရေး၊ ၀ိနိစ္ဆယလက်စွဲ အခန်း(၁၁)အပိုဒ်(၂၈၁)နှင့် ညီညွတ်မှုမရှိသော မူရွင်းရွာ သမိုင်းဝင် ဘုန်းတော်ကြီးကျောင်းဟောင်းကို အမြန်ဆုံးဖွင့်လှစ်ပေးရေး ဒို့အရေး၊ မူရွင်းရွာ မူလပထမ သမိုင်းဝင်ဘုန်းတော်ကြီးကျောင်းဟောင်း ပိတ်ပင်မှု ကိစ္စနှင့်ပတ်သက်၍ အမှန်တရားပေါ်ပေါက်ရေး ဒို့အရေး၊ သော့ခတ်ထားသော မူရွင်းရွာ မူလပထမသမိုင်းဝင်ဘုန်းတော်ကြီးကျောင်းဟောင်း အမြန်ဆုံးပြန်ဖွင့်ပေး ဒို့အရေး စသည့်အချက်များကို ကြွေးကြော်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ပိတ်ပင်ခံထားရသော မူရွင်းကျောင်းဟောင်းကို ဘုန်းကြီးတစ်ပါးပင့်ပြီး ဖွင့်လှစ်ခဲ့ရာ ၀င်ရောက်ကျူးကျော်မှုဖြင့် ၂၀၁၅ခုနှစ်တွင် ရွာလူကြီးတစ်ဦးဖြစ်သူ ဦးစံချစ်မှာ ထောင်ဒဏ်(၆)လကျခံခဲ့ရကြောင်း သိရသည်။

၎င်းဆန္ဒပြပွဲကို မူရွင်းကျေးရွာနှင့် နီးစပ်ရာကျေးရွာအချို့မှ လူပေါင်း(၂၀၀)ခန့်ပါ၀င် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ညနေ(၃)နာရီခန့်တွင် ပြီးဆုံးခဲ့သည်။

January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...