ကျောက်ဖြူမြို့၊ ရမ္မာဝတီခန်းမတွင် ဧပြီလ(၃၀)ရက်နေ့က မြန်မာနိုင်ငံ အထူးစီးပွားရေးဇုန်များ ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကော်မတီဥက္ကဌ ဒေါက်တာစိုးဝင်းနှင့် ကျောက်ဖြူဒေသခံများ၊ အရပ်ဘက်အဖွဲ့ အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများနှင့် ဌာနဆိုင်ရာများ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကိစ္စတွေ့ဆုံပွဲတွင် တင်ပြ တောင်းဆို လိုက်တာဖြစ်ခြင်း ဖြစ်သည်။
“ လက်ရှိသွားနေတဲ့ မြေယာပေါ်လစီ၊ အထူးစီးပွားရေးဇုန်ဥပဒေ၊ နည်းဥပဒေမှာ အားနည်းချက်တွေ အများကြီးရှိနေတဲ့ အတွက် အစိုးရသစ်လက်ထက်မှာ ဆွေးနွေးပြင်ဆင်ပေးဖို့ ပြောဆိုကြတာတွေလည်း ရှိပါတယ်” ဟု ကျောက်ဖြူ ကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းမှ ညှိနှိုင်းရေးမှူး ကိုထွန်းကြည် က ဆွေးနွေးတင်ပြခဲ့သည်။
‘‘လက်မှှုက စက်မှုခေတ်ကိုသွားတာကို ကျနော်တို့လည်း ကြိုဆိုပါတယ်။ လက်ရှိကျင့်သုံးနေတဲ့ မြေယာ ဥပဒေနဲ့ လက်ရှိအထူးစီးပွားရေး ဇုန်မှာ အသိမ်းခံရမည့် ဧက ၄၂၈၉.၃၂မှာ ရွာပေါင်း(၃၅)ရွာမှ ဒေသခံ တွေရဲ့ မြေဖြစ်နေတယ်။ မြေလွတ်မြေရိုင်းပြထားတဲ့မြေဧက ၁၈၆၉.၃၃ ဟာ လျော်ကြေး ရဖို့မမြင်ဘူး။ တစ်ခြားမြေအမျိုးအစားလည်းပါတယ်။ ဧက ၁၀၀၀ကျော်လောက်ပဲ လျော်ကြေးရမယ့် သဘောရှိနေတယ်။ မြေယာနဲ့ပတ်သက်ပြီး မိရိုးဖလာပိုင်ဆိုင်မှုကို အသိအမှတ်ပြုပေးရမယ်ဆိုတာကို အမြဲတောင်းဆိုနေတာပါ။ ကျနော်တို့မှာ မြေတလိမ့် ရေတလိမ့် ရခိုင်ရိုးရာ မြေယာခွဲဝေမှုစနစ်ရှိပါတယ်။ တာဝန်ယူမှု အပိုင်းမှာ ကျတော့ အထူးစီးပွားရေးဇုန်နည်း ဥပဒေမှာ ပြောင်းရွေ့ခံရမည့်လူတွေအရေးကို ပြဌာန်းထားတာမရှိဘူး။ လျော်ကြေးကဏ္ဍမှာလည်း နိုင်ငံတော်ဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ ကာလပေါက်စျေးရဲ့ နှစ်ဆဆိုတာပါတယ်။ သဘောက သိန်း ၃၀၀ပေါက်တဲ့ လယ်ကို ၀န်ကြီးဌာနက သိန်း ၁၀၀စျေးနဲ့ ဖြတ်ပေးလိုက်ရင်လည်း ခံရမယ့် သဘောဖြစ်နေတယ်’’ ဟု ဦးထွန်းကြည်က တင်ပြခဲ့သည်။
ဆက်လက်ပြီး သူက ‘‘ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး တရုတ်ပဲဖြစ်ဖြစ် အမေရိကပဲဖြစ်ဖြစ် အရေးမကြီးပါ။ ကျနော်တို့မှာ မူဝါဒကောင်းနေ ဖို့လိုပါတယ်။ ကျနော်တို့က မူဝါဒကို ပြောင်းလဲချင်တာပါ။ ဖွံ့ဖြိုးရေးကို ကျနော်တို့ကို်ယ်တိုင်လုပ်နိုင်ဖို့ မူဝါဒတွေ ဥပဒေတွေ နည်းဥပဒေတွေကို ပြင်ဖို့လိုပါတယ်။ နုတ််နဲ့ ကတိပေးလို့မရပါ။ အစိုးရဆိုတာ အချိန်မရွေးပြောင်းလဲနိုင်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ရပိုင်ခွင့် ကျောက်ဖြူမြို့နယ်မှာ လုံးဝထိခိုက်ခံရမည့်သူတွေရဲ့ ရပိုင်ခွင့် သွယ်ဝိုက်၍ ထိခိုက်ခံရမည့်သူရဲ့ ရပိုင်ခွင့်နဲ့ အနာဂါတ်မျိုး ဆက်တွေရဲ့ ရပိုင်ခွင့်တွေရှိဖို့လိုပါတယ်။ လက်ရှိ အထူးစီးပွားရေးဇုန် ဥပဒေနဲ့သာ အကောင် အထည် ဖော်မယ်ဆိုရင် အားနည်းချက်တွေ အများကြီးရှိပါတယ်။ စနစ်မပြင်ခင်ကလမှာ ဖြစ်ဖြစ် သယံဇာတတူးဖော်တာပဲဖြစ်ဖြစ် ရပ်ဆိုင်းထားသင့်တယ်လို့မြင်ပါတယ်’’ဟု ကိုထွန်းကြည် ကတင်ပြသည်။
၂၀၁၅ခုနှစ် မြန်မာအထူးစီးပွားရေးဇုန်နည်းဥပဒေတွင် ရင်းနှီးမြှပ်နှံသူများအတွက် မြေယာငှားရမ်းချရေး လုပ်ထုံးလုပ်နည်းကို ဖော်ပြထားသော်လည်း မြေယာ၊ အိုးအိမ်နှင့် အသက်မွေး ၀မ်းကြောင်း ဆုံးရှံုးသူများ အတွက် ဖော်ပြထားမရှိတဲ့အတွက် ဥပဒေပြင်ဆင်ဖို့ တက်ရောက်သူ တစ်ချို့မှ ထောက်ပြကြသည်။
မြန်မာနိုင်ငံ၏လက်ရှိနိုင်ငံရေးအခြေအနေနှင့် တည်ဆဲဥပဒေတွေအရ လောလောဆယ်မှာ အထူး စီးပွားရေးဇုန်ကို မတည်သင့်သေးကြောင်း ဂုံးချိန်ကျေးရွာမှ ဒေါ်ကြည်ကြည်နှင်း ကတင်ပြဆွေးနွေးခဲ့သည်။
‘‘ လက်ရှိ လယ်ယာမြေဥပဒေဆိုရင်လည်း လယ်သမားတွေကို အကာအကွယ်ပေးထားတာမတွေ့ရဘူး။ တရုတ်ကုမ္ပဏီတွေကလည်း တာဝန်ယူမှုတာဝန်ခံမှုအားနည်းတာတွေ့ရတယ်။ CNPC ကုမ္ပဏီကြောင့် လူ(၂၁)ဦးရဲ့ မြေ(၁၈.၃)ဧကကို ယခုထိ တာဝန်ယူမဖြေ ရှင်းသေးဘူး။ အစိုးရကလည်း တာဝန်ယူ ဖြေရှင်းမပေးဘူး။ ဒီအနေအထားမှာ SEZ ကိုလောလောဆယ် ရပ်ဆိုင်းထားသင့် တယ်လို့မြင်တယ်’’ဟု သူမက ဆွေးနွေးတင်ပြခဲ့သည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင် ကလည်း ပွင့်လင်းမြင်သာမှုရှိရန်လိုအပ်ကြောင်း၊ ဒေသခံတွေနှင့် အဓိကဆွေးနွေးညှိနှိုင်းသင့်ကြောင်း ယခုလိုပြောသည်။
‘‘ အခု SEZအတွက် မြေဧက ၁၈၃၂.၁၅သိမ်းထားပြီးပြီဆိုတာကို ခုမှသိရတယ်။ SEZ လုပ်မည့် နေရာမှာ ရှိတဲ့ လယ်သမားတွေနဲ့ အကျေအလည် ဆွေးနွေးရပါမယ်။ တာဝန်ရှိတဲ့သူတွေလာရင် သက်ဆိုင်ရာက လူတွေကိုခေါ်တယ်။ ဒေသခံတွေကိုမပြောဘူး။ ပြည်သူတွေသဘောတူတယ်ဆိုပြီး ပြန်သွားလိုက်တာနဲ့ SEZ ကအတည်လိုလိုဖြစ်လာပြီ။ ကျေးလက်ဒေသကလူတွေ ဘာမှမသိသေးဘူး။ အပေါ်ကလူတွေ လုပ်တာနဲ့ပြီးသွားမယ်ထင်ရင်မှားသွားပါလိမ့်မယ်။ တစ်ခြားပြည်နယ်နဲ့မတူတာက တိုင်းနဲ့ပြည်နယ်(၁၄)ခုမှာ ANP အများဆုံးနိုင်ထားတဲ့ပါတီဖြစ်ပါတယ်။ SEZ ကိုပြည်သူတွေ မကြိုက်ဘူး ဆိုရင် မတည်သင့်ကြောင်း အဆိုတင်ရမယ်။ ဒေသခံတွေနဲ့မညှိဘဲ အာဏာပိုင်တွေနဲ့သာညှိနေရင် ဆန္ဒပြမှုတွေပေါ်ပေါက်လာမယ်။ အနည်းဆုံးလုပ်အားခကလည်း တစ်နေ့ ကျပ်၃၆၀၀ သတ်မှတ်ထားတယ်။ တစ်လကို တစ်သိန်းကျော်ပဲ ရမယ်။ အဲဒီလိုပြည်သူကဘက် ဥပဒေတစ်ခုမှမပါဘဲ SEZ ပေါ်လာရင် ဘာအကျိုးမှ ရှိမှာမဟုတ်ဘူး။ ဒေသခံတွေနဲ့ တိုက်ရိုက်ဆွေးနွေးစေချင်ပါတယ်’’ဟုပြောသည်။
ကျောက်ဖြူမြို့ခံ ကိုလှမျိုးကျော်က လည်း ‘‘ပွင့်လင်းမြင်သာမှုနဲ့တာဝန်ယူမှုတာဝန်ခံမှုကို ပြောရမယ်ဆိုရင် အလုပ်အကိုင်အခွင့် အလမ်းတွေပေးမယ်။ နိုင်ငံတကာစံနုန်းအတိုင်း စီစဉ်ထားတယ်လို့ ၀န်ကြီးက ပြောပါတယ်။ တစ်ဧကကို ဘယ်လောက်လျော်ကြေးပေးမှာလဲ။ ပြောင်းရွေ့ခံရမည့်သူတွေကို ဘယ်လို စီစဉ်ထားပါသလဲ။ SEZဆိုတာ အောင်မြင်တာရှိမယ်။ မအောင်မြင်တာရှိမယ်။ ပါးစပ်ကပဲ ပွင့်လင်း မြင််သာပါတယ်၊ တာဝန်ခံပါတယ်လို့ ကုန်ခဲ့တဲ့နှစ်က ၀န်ကြီးဦးမြင့်သိန်း ပြောခဲ့တဲ့စကားကို ကျောက်ဖြူသားတွေ ယဉ်ပါးနေပါပြီ’’ဟုပြောသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်ဧရိယာတွင် ကျေးရွာအုပ်စု(၉)အုပ်စု ကျေးရွာ(၃၅)ရွာမှ စုစုပေါင်း မြေဧက (၄၂၈၉.၃၂)တွင် မြေလွတ်မြေရိုင်း (၁၈၆၉.၃၃)ဧက၊ လယ်မြေ(၉၉၈.၅၀)ဧက၊ ဥယျာဉ်မြေ (၆၄၅.၉၅)ဧက၊ ဓနိမြေ(၇၂.၀၀)ဧက၊ အခြားနည်းအသုံးပြုခွင့်မြေ(၁၁၅.၇၀)ဧက၊ လမ်းမြေ(၂.၄၀)ဧကနှင့် ဆည်၊ ကန်၊ တာတမံမြေ (၄၉၆.၉၆) ဧက သတ်မှတ်ထားကြောင်းသိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြန်လည် ဖြေကြားရာတွင် ‘‘ တစ်ချို့ကလည်း ကျနော်တို့ရှင်းပြချက်ကို မရှင်းမလင်းတာရှိကောင်းရှိပါမယ်။ အလုပ်အကိုင်အခွင့်အလမ်းနဲ့လည်း ပြောကြတာတွေရှိတယ်။ စိုးရိမ်သောကတွေရှိနေတယ် ဆိုတာကို လည်းနားလည်ပါတယ်။ ဒီစီမံကိန်းဟာ ကျနော်တို့အစိုးရလုပ်ခဲ့တဲ့စီမံကိန်းမဟုတ်ဘူး။ ပြီးခဲ့တဲ့ အစိုးရလက်ထက်က CITIC ကို ဦးဆောင်လုပ်ကိုင်ခွင့် ယာယီပေးထားတယ်။ ကျောက်ဖြူဇုန်နဲ့ပတ်သက်ပြီး စိုးရိမ်မှုရှိတယ်ဆိုတာ သဘာဝကျပါတယ်။ အရင်ကော်မတီကလည်း ပြည်သူတွေနဲ့ ဆင်းတွေ့ထားတာ ရှိတယ်။ ဒီအပေါ်မှာ အမြင်အမျိုးမျိုးရှိတယ်ဆိုကိုသိပါတယ်။ ကျောက်ဖြူအထူးစီးပွားရေးဇုန် လုပ်သင့် မလုပ်သင့် အရင် ပါလီမန်မှာ ဆွေးနွေးခဲ့ပါတယ်။ ရခိုင်ဘက်ကအမတ်တွေလည်း ဆွေးနွေးခဲ့ပါတယ်။ အဲဒီ ပါလီမန်မှာ မြေသိမ်းဖို့ဆုံးဖြတ်ခဲ့တယ်။ အစိုးရသစ်လက်ထက်မှာလည်း လုပ်သင့်တယ်လို့ မူအားဖြင့် ရှိပါတယ်။ မြန်မာအထူးစီးပွားရေးဇုန်ဥပဒေအရ အမျိုးသားအကျိုးစီးပွား၊ အမျိုးသားလုံခြံုရေးအရ လုပ်သင့်တယ်လို့ လက်ခံလို့လုပ်ရတာဖြစ်ပါတယ်’’ဟုပြောသည်။
နိုင်ငံတော်သမ္မတရဲ့ တရုတ်ပြည်ခရီးစဉ်မှာ CITIC ဥက္ကဌနှင့် သဘောတူလက်မှတ်ထိုးခဲ့ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
‘‘ နိုင်ငံတော်သမ္မတခရီးစဉ်မှာ ကျနော်လည်းပါခဲ့ပါတယ်။ အဲဒီမှာ သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီဘက်က အစိုးရကိုယ်စား ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှှုကော်မတီဥက္ကဌ ဒေါက်တာစိုးဝင်းနဲ့ CITIC ကုမ္ပဏီဥက္ကဌနဲ့ နှစ်နိုင်ငံခေါင်းဆောင်ရှေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ တစ်ခုက နိုင်ငံရေးဆိုင်ရာ အာမခံချက်။ နောက်တစ်ခုက ဒါကိုဆက်လုပ်မယ်ဆိုတာပါ။ ယာယီ အသိအမှတ် ပြုတာပါ။ အောက်ခြေ ဆန်းစစ်မှုအသစ်တွေ ပြန်လုပ်ဖို့ပါ’’ဟု ၀န်ကြီးကပြောသည်။







