တောင်ကုတ် မဟော်သဓာအခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်း မဘသနှင့် တစ်စုံတစ်ရာ ပတ်သက်မှု မရှိဟုဆို

တောင်ကုတ် မဟော်သဓာအခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်း မဘသနှင့် တစ်စုံတစ်ရာ ပတ်သက်မှု မရှိဟုဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ယခုနှစ်တွင် ဖွင့်လှစ် သင်ကြားမည့် “ တောင်ကုတ် မဟော်သဓာ အခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်း” သည် မဘသ အဖွဲ့နှင့် တစ်စုံတစ်ရာ ပတ်သက်မှု မရှိကြောင်း ကျောင်းအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်က ယနေ့နံနက်က ပြောဆိုသည်။

“ဒီကျောင်းကို အမျိုးသား အကျိုး စီးပွား တိုးတက်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစောထွန်းရှိန်က ရခိုင်ပြည်နယ် ၁၇ မြို့နယ်က စာမသင်နိုင်တဲ့ သူတွေကို စာသင်ပေးဖို့ ရည်ရွယ်ချက်နဲက ထူထောင်တာပါ။ မဘသ အဖွဲ့နဲ့ တစ်စုံတစ်ရာ ပတ်သက်မှု မရှိပါ။ မဘသ ဘာလဲဆိုတာတောင် ကျွန်တော်တို့ မသိပါ” ဟု ဦးခင်မောင်က ပြောသည်။

ယခုနှစ်တွင် စတင်ပြီး နဝမတန်း ကျောင်းသား/ သူ ၈၀ ကို လက်ခံရန် စီစဉ်ထားကြောင်း၊ ကျောင်းသားသစ် များ ခေါ်ယူခြင်း လျှောက်လွှာကို ရခိုင်ပြည်နယ် ၁၇ မြို့နယ်ရှိ ပညာရေးမှူးရုံးများသို့ အကြောင်း ကြားထားပြီ ဖြစ်ကြောင်း ပြောကြားသည်။

“ ကျွန်တော်တို့က ၁၇ မြို့နယ်က ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေ စာသင်နိုင်အောင်၊ စာသင်ဖို့ အခက်အခဲရှိလို့ လမ်းဘေးကို မရောက်ရအောင် ဒီကျောင်းကို တည်ထောင်တာပါ။ ဒါဟာကိုတောင်မှ အကောင်းမမြင်ရင် ရခိုင်သားလို့ မခံယူပါနဲ့လို့ ပြောလိုပါတယ်” ဟု ဆိုသည်။

ယခုနှစ် ကျောင်းဖွင့်ရာသီတွင် နဝမတန်း ကျောင်းသား ကျောင်းသူများကို လက်ခံရာတွင် သိပ္ပံတွဲနှင့် ၀ိဇ္ဇာတွဲ နှစ်ခုလုံးကို လက်ခံသွားမည် ဖြစ်ကြောင်း၊ လက်ခံရာတွင်လည်း ပညာထူးချွန်သူချင်း တူညီနေလျှင် မိဘဆင်းရဲသူကို ဦးစားပေးမည် ဖြစ်ကြောင်း၊ မိဘဆင်းရဲချင်းတူညီလျှင် မိဘ မစုံသူကို ဦးစားပေးမည် ဖြစ်ကြောင်း၊ မိဘ မစုံသူချင်း တူညီလျှင် ဖခင် ကွယ်လွန်သူ ဦးစားပေးမည် ဖြစ်ကြောင်း၊ ကျန်းမာ၍ ကိုယ်လက်အင်္ဂါ ပြည့်စုံပြီး ကူးစက်ရောဂါ ကင်းရှင်း ရမည် ဖြစ်ကြောင်း လျှောက်လွှာခေါ်ယူရာတွင် ဖော်ပြထားသည်
ဟုသိရသည်။

ကျောင်းဝင်လိုသော ကျောင်းသားများ အနေဖြင့် လျှောက်လွှာကို တောင်ကုတ်မြို့ မဟောသဓာကျောင်း ရုံးခန်းမှ အခမဲ့ ယူဆောင်နိုင်ပြီး မေလ ၁၅ ရက်နေ့ကို နောက်ဆုံးထားပြီး တင်ရမည် ဖြစ်ကြောင်း၊ လူတွေ့စစ်ဆေးပြီး လက်ခံ အတည်ပြုမည် ဖြစ်ကြောင်း၊ လျှောက်လွှာ ရယူရန် ခက်ခဲသည့် နယ်ဝေးကျောင်းသားများသည် ဖုန်းနံပတ် ၀၉၄၂၁၇ ၂၄၆၆၄ သို့ ဆက်သွယ်ပြီး မှာယူပြီး Viber တစ်ဆင့် ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

၀င်ခွင့်ရသည့် ကျောင်းသား/ ကျောင်းသူများ၏ ပညာသင်ကြားရေး၊ စားသောက်ရေး၊ နေထိုင်ရေး၊ ကျန်းမာရေးတို့ကို ကျောင်းမှ တာဝန်ယူသွားမည် ဖြစ်ကြောင်း ကျောင်း အလုပ်အမှုဆောင် ဦးခင်မောင်က ပြောဆိုသည်။

January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...