မြေပဲဖော်ချိန် ရခိုင်တွင် အချိန်အခါမဟုတ် မိုးရွာသွန်း၍ အခက်တွေ့

မြေပဲဖော်ချိန် ရခိုင်တွင် အချိန်အခါမဟုတ် မိုးရွာသွန်း၍ အခက်တွေ့
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်တွင် အချိန်အခါမဟုတ်ဘဲ မိုးသည်းထန်စွာရွာသွန်းနေမှုကြောင့် မြေပဲစိုက်သူများအနေဖြင့် မြေပဲဖော်ရာတွင် အခက်အခဲ တွေ့နေရနေသည်ဟု သတင်းရရှိသည်။

“မိုးရွာတော့ ပဲတူးဖော်ရာမှာ ပဲတောင့်တွေက အပင်ကနေ ပြတ်ပြီး မြေအောက်မှာ မြုပ်ကျန်ခဲ့တယ်လေ။ ရေတွေဝင်သွားတော့ မြေကြီးတွေထဲက ပဲတောင့်တွေကို တူးဖော်ရတဲ့ အခါ အခက်တွေ့နေကြရတာပါ။ ဒါကြောင့် ပဲဖော်သမားတွေကိုလည်း အခကြေးငွေ ပိုပေးပြီး ခိုင်းနေရပါတယ်”ဟု ကျောက်တော်မြို့နယ် ကျောက်ဖြူကျေးရွာမှ မြေပဲစိုက်သူ ကိုအောင်ရွှေသန်းက နိရဥ္စရာသို့ပြောသည်။

မြေပဲစိုက်သူများ၏ ပဲဖော်ချိန်/ပဲနှုတ်ချိန်မှာ သင်္ကြန်ပြီးလွန်စအချိန်ဖြစ်ပြီး မေလအထိ နောက်ဆုံးထား တူးဖော်တတ်ကြပြီး မြေပဲတောင့် ဖော်ချိန်တွင် မိုးရွာရာမှ အခက်အခဲ ဖြစ်နေကြရသည်ဟု ပဲစိုက်သူများက ဆိုသည်။

ယခုနှစ်တွင် သင်္ကြန်ကာလနှင့် သင်္ကြန်ပြီးနောက်အချိန်၌ မိုးအဆက်မပြတ်ရွာသွန်းနေသည်ဟု သိရသည်။

“ပဲနှုတ်ရတာက အဆင်ပြေတာလည်းပြေတယ်။ မပြေတာကတော့ များတယ်လေ။ ပဲနှုတ်ခ စျေးနှုန်း တွေလည်း အရင်ဆို ၁ ထောင်ဖိုး ၃ တောင်း၊ အခု ၁ တောင်းကို ကျပ် ၆ဝဝ ပေးရတယ် “ဟု ကျောက်တော်မြို့နယ် လမုတပင်ကျေးရွာမှ ပဲစိုက်တောင်သူ ဦးအောင်ကျော်ဝင်းက နိရဥ္စရာသို့ ပြောသည်။

မြေပဲတူးဖော်သူများအနေဖြင့်လည်း ရာသီဥတုဆိုးဝါးနေမှုကြောင့် တူးဖော်ခကို တိုးမြှင့် တောင်းနေရသည်ဟုလည်း ဆိုသည်။

“မိုးရွာနေတော့ ပဲဖော်တဲ့အခါ ရွှံ့တွေလည်း ကပ်ပါလာတော့ ကျမတို့အတွက် တွက်ခြေမကိုက်ဘူး။ အချိန်ကြာတယ်။ ပိုပင်ပန်းတယ်။ ဒါကြောင့် ပဲဖော်ခကို ပိုတောင်းရတာ ဖြစ်ပါတယ်”ဟု မြေပဲတောင့် ဖော်သူအမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် မြေပဲများကို ကျောက်တော်မြို့နယ်ရှိ ကုလားတန်မြစ်ကမ်း အရှေ့ဘက်ခြမ်း ကမ်းခြေတွင် အဓိကထားစိုက်ပျိုးကြပြီး မြောက်ဦး၊ မင်းပြား၊ သံတွဲ၊ တောင်ကုတ်ဒေသတို့တွင်လည်း စိုက်ပျိုးကြသည်ဟု သိရသည်။

ယမန်နှစ်က ရခိုင်တွင် ရေကြီးပြီး ရွံ့နွံများ တင်ကျန်ရစ်ခဲ့ရာမှ မြေသြဇာအလွန်ကောင်းကာ ယခုနှစ်တွင် မြေပဲ အပါအဝင် သီးနှံစိုက်ခင်များ အထူးအောင်မြင်ကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...