တရုတ်အနေဖြင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို စတင်ရန်အသင့်ဖြစ်နေပြီဟုဆို

တရုတ်အနေဖြင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို စတင်ရန်အသင့်ဖြစ်နေပြီဟုဆို
by -
နိရဥ္စရာ
တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ အနေဖြင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စတင်ရန်အတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံခြားရေးရာ လက်ထောက်ဝန်ကြီးမှ ပြောကြားလိုက်သည်။

nrj2601ဧပြီ ၂၄ ရက်နေ့က ကျောက်ဖြူမြို့ မေဖုန်းမိုရ်ဟိုတယ်၌ ကျောက်ဖြူ ဒေသခံများနှင့် တရုတ် ကွန်မြူနစ် ပါတီ နိုင်ငံခြားရေးရာ လက်ထောက်ဝန်ကြီးတို့ တွေ့ဆုံစဉ် ၀န်ကြီးက ထိုသို့ ထုတ်ဖော် ပြောကြား လိုက်ခြင်း ဖြစ်သည်။

“ ဒီစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ တရုတ်နိုင်ငံ အနေနဲ့ အသင့်ဖြစ်နေပါပြီ။ မြန်မာနိုင်ငံဘက်မှ အဆင်သင့်ဖြစ်တာနဲ့ စတင်သွားမှာ ဖြစ်ပါတယ်” ဟု တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံခြားရေးရာ လက်ထောက်ဝန်ကြီးပြောဆိုသည်။

တွေ့ဆုံပွဲတွင် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံခြားရေးရာလက်ထောက်ဝန်ကြီးနှင့် အတူ အဖွဲ့ဝင် ရ ဦး ပါ၀င်ပြီး ကျောက်ဖြူဒေသခံများ ဘက်မှ မြို့ခံအချို့နှင့် လုပ်ငန်းများ ၁၀ ဦးခန့် ပါ၀င်ကြောင်းသိရသည်။

‘‘ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းတုန်းက ဒေသခံတွေဘက်က နစ်နာမှုတွေအများအပြားရှိခဲ့ကြောင်း၊ တရုတ်ကုမ္ပဏီက ဒေသခံတွေရဲ့အသံကို အလေးထားမှုမရှိကြောင်းတင်ပြခဲ့ကြတယ်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်လုပ်ရင်လည်း ဒေသခံတွေ အကျိုးမရှိဖြစ်မည်ကို စိုးရိမ်ကြောင်းကို တင်ပြခဲ့တယ်။ သူတို့က ပြန်ပြောတာက CNPC ကုမ္ပဏီတင်ပြတာလည်းရှိတယ်။ ဒေသခံတွေဘက်က တင်ပြတာနဲ့ ကျတော့ နားလည်မှု လွဲတာတွေလည်းရှိတယ်။ CITIC GROUP က ကျေးရွာတွေမှာ ကျေးလက်ရံပုံငွေထူထောင်ပေးထားတာတွေရှိတယ်။ ကျေးရွာတစ်ရွာကို ကွင်းဆင်းစစ်ဆေးတဲ့အခါ ငွေကျပ်(၅၀၀၀၀)ချေးထားတာ ငွေကျပ်(၂၀၀၀၀၀)ထိ စုမိလာကြောင်းသိရ၍ တိုးတက်မှုရှိကြောင်း ဖြေဆိုခဲ့တယ်’’ဟု အစည်းအဝေး တက်ရောက်ခဲ့သူ ဦးထွန်းနိုင် ကဆက်လက်ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံခြားရေးရာလက်ထောက်ဝန်ကြီးနှင့်ဖွဲ့သည် CITIC GROUP မှ ကျေးလက် ပုံငွေချေးထားခြင်းကိစ္စရပ်များကို ကျောက်ဖြူမြို့နယ်၊ မင်းတက်တောင်ကျေးရွာသို့ ဧပြီ(၂၄)ရက်နေ့က လာရောက်မေးမြန်းလေ့လာခဲ့ကြောင်းသိရသည်။

ကျောက်ဖြူ – တရုတ် ရထားလမ်းကိစ္စကိုလည်းမေးမြန်းခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးတင်အောင်စိုး ကပြောသည်။

‘‘ ကျောက်ဖြူ – တရုတ်နိုင်ငံထိဖောက်လုပ်မယ့် ရထားလမ်းစီမံကိန်းကို MOU ထိုးထားတာရှိတယ်။ အဲဒီ ကိစ္စဘယ်လိုအခြေအနေလဲ လို့မေးမြန်းခဲ့တယ်။ တစ်နှစ် တစ်နှစ်စီ လေးနှစ် သက်တမ်း တိုးထားတာ ရှိတယ်။ အဲဒါလည်း (၂၀၁၆)ခုနှစ်မှာ ပျက်သွားပြီ။ ကျနော်တို့ဘက်ကတော့ လုပ်ချင်ပါတယ်လို့ တရုတ် နိုင်ငံခြားရေးရ လက်ထောက်ဝန်ကြီးက ကျွန်တော်တို့ကို ပြောသွားပါတယ် ’’ ဟု ဦးတင်အောင်စိုးက ပြောသည်။

ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းမှ ညှိနှိုင်းရေးမှူး ကိုထွန်းကြည်က ကျောက်ဖြူ စီးပွားရေးဇုန်နှင့် ပတ်သက်ပြီး သူ့အမြင်ကို ယခုလို ဝေဖန်ပြောကြားသည်။

“ အစိုးရဘက်က ကိုယ်ဖြစ်ချင်တာကို လုပ်မယ်ဆိုရင် ပဋိပက္ခဆိုင်ရာကိုလည်း ပထမဆုံး လေ့လာ သင့်တယ်။ တစ်ဖက်မှာ EIA , SIA လုပ်ရမယ့် အပိုင်းကို အသာထားလိုက်အုံး။ ဒီပြသနာကို မလေ့လာဘဲ အစိုးရဘက် က လုပ်ချင်လို့ လုပ်လိုက်တယ်ဆိုရင် အထူးစီးပွားရေးဇုန်းဟာ အစိုးရဘက်က အောင်မြင်တယ်ဆိုပေမယ့် ပြည်သူကအရှံုးဖြစ်သွားပါမယ်” ဟု ကိုထွန်းကြည်က ပြောသည်။

‘‘ဖွ့ံဖြိုးတိုးတက်ရေးကိုသွားတဲ့အခါမှာ နိုင်ငံတော်အဆင့်နဲ့ပြောရရင် ငြိမ်းချမ်းရေးရှိဖို့လိုတယ်။ ရခိုင် ပြည်နယ်မှာ လူမျိုးရေးပြသနာ လည်းရှိတယ်။ နောက်တစ်ဘက်မှာက အခုဆိုရင် သင်္ဘောဝင်ဖို့ အတွက် နိုင်ငံတကာ ရေလမ်းကြောင်းကို ဖေဖော်ဝါရီ(၃)ရက်နေ့က သတ်မှတ်ပေးလိုက်တယ်။ အဲဒီမှာ လုပ်စားနေတဲ့ ကျားပါးစပ်ပိုက်ချနေသူတစ်ချို့ဟာ လုပ်ကွက်တွေအားလုံးပျက်စီးသွားတယ်။ အဲဒါကို တာဝန်မယူတဲ့အပြင် ခိုးပြီးပိုက်ချနေသူတွေကို ဖမ်းတယ်။ အလျော်တောင်းတယ်” ဟု ကိုထွန်းကြည်က ပြောသည်။

၎င်းပြင်သူက “ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းဆိုပေမယ့် တရုတ်ပြည်ကို ရေနံနဲ့ဂတ်စ်ပို့နေတယ်။ ဒါပေမယ့် ရခိုင်ပြည်က အခွန်အခ မရရှိဘူး။ စီမံခန့်ခွဲမှု အပိုင်းနှင့်ကျရင်လည်း ရခိုင်ပြည်နယ်အစိုးရမှာ ဘာမှ တာဝန်မရှိဘူး။ မြေယာ၊ အလုပ်သမား၊ အမျိုးသမီးစတဲ့ အခွင့်အရေးတွေကိုလည်း ဒေသအတွင်းမှာဖြေရှင်းပေးဖို့ ပြည်နယ်အစိုးရမှာ တာဝန်ယူမှု တာဝန်ခံမှု မရှိဘူး။ ပြည်နယ်တွေရဲ့ သယံဇာတနဲ့ ပြည်နယ်ကို အသုံးပြုပြီး ပြည်နယ်တွေရဲ့အခွန်အခနဲ့ ရပိုင်ခွင့်တစ်ခုလည်းမရှိခင် နိုင်ငံကြီးတစ်ခုရဲ့လက်ကိုအပ် လိုက်တာဟာ ပြသနာများနိုင်ခြေရှိတယ်။ ဒေသခံတွေရဲ့ အသံကို အလေးမထားဘဲ အကောင်အထည်ဖော်လိုက်ရင် ပြသနာများပြီး အောင်မြင်မှု နည်းနိုင်တယ်’’ဟု ကိုထွန်းကြည်က ထောက်ပြ ဝေဖန် ပြောဆိုသည်။

တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံခြားရေးရာလက်ထောက်ဝန်ကြီးအဖွဲ့သည် ဒေသခံအချို့နှင့်တွေ့ဆုံခဲ့သလို ဌာနဆိုင်များနှင့်လည်းတွေ့ ဆုံခဲ့ကြောင်းသိရသည်။

၂၀၁၅ခုနှစ်နောက်ပိုင်းတွင် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်များသည် ကျောက်ဖြူမြို့နယ်သို့ မကြာခဏ လာရောက်နေတာတွေ့ရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...