စစ်တွေမြို့မိမြို့ဖ ဥက္ကဋ္ဌကို ရမ်းကားစွာ ဆက်ဆံခဲ့ကြသည့် ရေတပ်သား ၅ ဦးကို တရားစွဲဆိုမည်

စစ်တွေမြို့မိမြို့ဖ ဥက္ကဋ္ဌကို ရမ်းကားစွာ ဆက်ဆံခဲ့ကြသည့် ရေတပ်သား ၅ ဦးကို တရားစွဲဆိုမည်
by -
နိရဥ္စရာ
များမကြာမီက စစ်တွေလေဆိပ်ဖွင့်ပွဲတွင် အမှာစကားပြောနေသော စစ်တွေမြို့မိမြို့ဖ ဥက္ကဋ္ဌ
များမကြာမီက စစ်တွေလေဆိပ်ဖွင့်ပွဲတွင် အမှာစကားပြောနေသော စစ်တွေမြို့မိမြို့ဖ ဥက္ကဋ္ဌ
သင်္ကြန်ကာလ ဧပြီလ ၁၆ ရက်နေ့က စစ်တွေ မြို့မိမြို့ဖ ဥက္ကဋ္ဌ ဦးမောင်သာစိန်အား ရမ်းကားစွာဆက်ဆံခဲ့သူ စစ်တွေ ရေတပ်စခန်းမှ ရေတပ်သား ၅ ဦးကို ရဲစခန်းတွင် တရားစွဲဆိုသွားမည်ဟု သိရသည်။

“မနက်ဖြန် ရဲစခန်းကိုသွားပြီးတော့ ကျွန်တော့်တို့အပေါ် ရမ်းကားစွာ ဆက်ဆံခဲ့တဲ့ ရေတပ်သား ၅ ဦးကို အမှုဖွင့် တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်။ ရဲစခန်းက လက်မခံရင်တော့ တရားရုံးကို ဦးတိုက် အမှုဖွင့်သွားမှာ ဖြစ်ပါတယ်”ဟု စစ်တွေမြို့မိမြို့ဖ ဥက္ကဋ္ဌ ဦးမောင်သာစိန်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အခင်းဖြစ်ပွားပုံမှာ ပွိုင့်သို့မရောက်မီ စစ်တွေရေတပ်မှ တပ်ဖွဲ့ဝင် ရ ဦးခန့်သည် ဖြတ်သွားဖြတ်လာ ကားများကိုတားပြီး မီးသတ်ပိုက်လုံးဖြင့် ရေလောင်းနေ၍ လမ်းပိတ်ဆို့မှု ဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ ယင်းသို့ ရေလောင်းနေသည်ကို မြို့မိမြို့ဖ ဥက္ကဋ္ဌက ယင်းသို့ ရေမလောင်းရန် တားဖြစ်ရာမှ မြို့မိ မြို့ဖနှင့် နောက်တစ်ဦးကို ရမ်းကားစွာ ဆက်ဆံခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်က မီးသတ်ပိုက်နဲ့ ရေလောင်းနေတာကို တွေ့တော့ နောက်လူတွေနဲ့ အခင်းဖြစ်ပွားမှာကို စိုးလို့ မီးသတ်ပိုက်နဲ့ ရေလောင်းမလောင်းဖို့ တားပါတယ်။ ကျနော်က ဘယ်သူခွင့်ပြုချက်နဲ့ အဲ့ဒီလို လောင်းရတာလဲ မေးတော့ သူတို့က ဆဲဆိုပြီး ငါတို့ခွင့်ပြုချက်နဲ့ လုပ်တယ်ကွာ။ မင်းဘာကောင်လဲလို့ သူတို့က ပြန်မေးပါတယ်။ ကျွန်တော်က မြို့မိမြို့ဖ ဥက္ကဋ္ဌပါလို့ ပြန်ဖြေတော့ သူတို့က မြို့မိ မြို့ဖတောင် မကဘူး၊ မင်းတို့ ရခိုင်တမျိုးသားလုံးကို သတ်ပစ်လို့ရတယ်ဆိုပြီးတော့ ရမ်းကားစွာ ဆက်ဆံခဲ့ပါတယ်”ဟု ဦးမောင်သာစိန်က ပြောသည်။

ယင်းသို့ အချေအတင်ဖြစ်ပြီး မြို့မိမြို့ဖ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အတူပါလာသူ ဦးထွန်းအေးကိုပါ ရေတပ်မှ တပ်ဖွဲ့ဝင်များက ရေတပ်စခန်းထဲသို့ ဆွဲခေါ်သွားပြီး ချုပ်ထားလိုက်ဟု ပြောဆိုခံခဲ့ရကြောင်း၊ နောက်မှ ပြန်ထွက်၍ ရခဲ့သည်ဟု ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ စစ်တွေမြို့မိရပ်ဖ ဥက္ကဋ္ဌ ဦးမောင်သာစိန်က စာရေးသား၍ သင်္ကြန်ပိတ်ပွဲနေ့ ဧပြီလ ၁၇ ရက်နေ့တွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၊ ဒကစမှူးနှင့် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းတို့ကို တိုင်ကြားခဲ့သည်ဟု သိရသည်။

ဧပြီလ ၁၈ ရက်နေ့တွင် နယ်လုံဝန်ကြီးမှ ဖုန်းဖြင့်ဆက်သွယ်လာပြီး ဖြေရှင်းပေးလိုသည်ဟု ပြောဆို သော်လည်း၊ ၁၉ ရက်နေ့တွင် ဒကစမှူးက ဖုန်းဖြင့်ဆက်သွယ်လာပြီး အပေါ်စီးမှ ပြောဆိုခဲ့သည်ဟု ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြို့မိမြို့ဖ အဖွဲ့သည် ဧပြီလ ၂၀ ရက်နေ့တွင် စစ်တွေမြို့ မဏိရတနာ ကျောင်းတိုက် သိမ်တွင် အစည်းအဝေးပြုလုပ်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို လိပ်မူ၍ စာရေးသားခဲ့ပြီး၊ ဧပြီလ ၂၁ ရက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် သွားတွေ့ခဲ့သေးသည်ဟု ဆိုသည်။

သို့သော် ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် တာဝန်ရှိသူများက ကျေနပ်လောက်အောင် တစုံတရာ ကြားဝင် ဆောင်ရွက်ပေးခြင်းမရှိသဖြင့် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားရန် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်သည်ဟု စစ်တွေမြို့မိမြို့ဖ ဥက္ကဋ္ဌ ဦးမောင်သာစိန်က ပြောကြားသည်။

Most read this week

January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...