ဘူးသီးတောင်နှင့် မောင်တောတွင် လေဆင်နှာမောင်းတိုက်၍ အိမ်များပြိုပျက်

ဘူးသီးတောင်နှင့် မောင်တောတွင် လေဆင်နှာမောင်းတိုက်၍ အိမ်များပြိုပျက်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့တွင် ဧပြီ ၂၃ ရက် နံနက် အစောကြီးအချိန်တွင် လေဆင်နှာမောင်းကျ၍ အိမ်အများအပြား ပြိုပျက်သွားကြောင်း သတင်းရရှိသည်။

ဘူးသီးတောင်မြို့နယ်တောင်ပိုင်း ဖက်လိပ်ပေါက်တော၊ မာန်အောင်နှင့် သာစည်ရွာတို့တွင် အနည်းဆုံး အိမ် ၁၄ လုံး ပြိုပျက်သွားခဲ့သည် ဟု သာစည်ရွာသား ကိုမြတ်ကျော်က နိရဥ္စရာသို့ ပြောသည်။

“ ကျွန်တော်ကတော့ လေဆင်နှာမောင်းလို့ ဘဲ ထင်ပါတယ်။ မနက် အစောကြီး ညဥ့် ၂ နာရီကျော်မှာ အနောက်တောင်ဘက်က လေလုံးကြီး တိုက်ခတ်တာပါ။ အိမ် ရလုံး ခေါင်းမိုးတွေ အားလုံးပြိုပျက်သွားပါတယ်။ ခြံစည်းရိုးတွေ အကုန်လုံး လွန်ထွက်သွားပါတယ်။ လေက တအားပြင်းပါတယ်” ဟု ကိုမြတ်ကျော်က ပြောဆိုသည်။

သာစည်ကျေးရွာနှင့် ကပ်ရပ်တည်ရှိသော မာန်အောင်ကျေးရွာတွင်လည်း အိမ် ၅ လုံး၏ ခေါင်းမိုးများ လုံးဝ ပြိုပျက်သွားပြီး ဘေးတွဲ အဆောင်များပါ လဲပြိုသွားခဲ့သည်ဟု ဆိုသည်။

ဘူးသီးတောင်မြို့နယ် တောင်ဘက်အစွန်ဆုံး ဖက်လိပ် ပေါက်တောကျေးရွာတွင်လည်း လေပြင်းကျ၍ အိမ် ၂ လုံး လုံးဝ ပြိုပျက်ကာ ကျန်အိမ်တစ်ဆောင်မှာ အမိုးအကာများ လွှင့်ထွက်သွားသည်ဟု ဦးဇင်း ဦးဝီရိယကပြောသည်။

“ မနက်အစောကြီး လေပြင်းတိုက်တဲ့ အတွက် ပြိုကျသွားတာပါ။ အိမ် ၂ လုံးက လုံးဝ ပြိုပျက်သွားပါတယ်။ စပါးကျီတွေလည်း ရေဝင်ပြီး ပျက်စီးကုန်ပါတယ်။ ကျန်တဲ့ အိမ်တစ်လုံးကတော့ အမိုးအကာ ဘေးထရံတွေ လန်ထွက်သွားပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ လေပြင်းကျသဖြင့် ကျသဖြင့် ဦးဇင်းဝီရိယ ဖခင် ဦးအောင်စောလှ အိမ်နှင့် ဒေါ်ခင်သန်းနွယ်တို့ အိမ် နှစ်အိမ်၏ ခေါင်းမိုးများ ပြိုထွက်သွားကြောင်း၊ ဒေါ်ခင်သန်းနွယ်အိမ်ရှိ စပါးကျီပျက်စီးသွားကြောင်း၊ သို့သော်လည်း လူတစ်ဦးတစ်ယောက်မှ အထိအခိုက် မရှိကြောင်း၊ ဘေးပတ်ဝန်းကျင် ကျေးရွာများတွင်လည်း ယခုကဲ့သို့ ထိခိုက်မှု ရှိသည်ဟု သတင်းရရှိကြောင်း ဦးဇင်းက ဆက်လက် ပြောကြားသည်။

“ ဦးဇင်းက ဒီမှာကျောင်းထိုင်နေတဲ့ ဘုန်းကြီးမဟုတ်ဘူး။ ဒီရွာဇာတိဖြစ်ပေမယ့် မြဝတီမှာနေထိုင်တာပါ။ အခု ရွာကို လာလည်တာပါ။ တစ်ခြားမာန်အောင်နဲ့ သာစည်မှာလည်း အိမ်တွေ ပျက်စီးသွားပါတယ်။ သက်ဆိုင်ရာက လာရောက် စစ်ဆေးမေးမြန်းတာတွေ မရှိသေးပါဘူး” ဟု ဦးဇင်းက ပြောကြားသည်။

အလားတူ မောင်တောမြို့နယ် လောင်းတုံကျေးရွာတွင် လူမနေသော မြိုအမျိုးသား အိမ်တစ်အိမ် ပြိုပျက်သွားပြီး တစ်ခြား အိမ်တစ်ဆောင်တွင် သွပ် ၈ ချပ်လောက် လွှင့်ပါသွားသည်ဟု လောင်းတုံရွာသား ဦးကျော်ဝင်းက ပြောသည်။

Most read this week

January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...