ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၊ မေဖုန်းမိုရ်ဟိုတယ်တွင် ဧပြီလ ၅ ရက်နေ့က ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှု၊ ၀င်ငွေခွဲဝေမှုနှင့် သက်ရောက်မှု အစီရင်ခံစာ မိတ်ဆက်ပွဲတွင် တိုင်းရင်းသားလူမျိုးများရေးရာ စင်တာ(ပြည်ထောင်စုမြန်မာနိုင်ငံ)၊ ရန်ကုန်ရုံး မန်နေဂျာ နန်းအေးအေးသွယ် က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တွင် သဘာဝသယံဇာတပေါများသော်လည်း ဒေသဖွံ့ဖြိုးရေး မရှိသည်မှာ ဗဟိုချုပ်ကိုင်မှု များပြား၍ ဖြစ်ကြောင်း၊ သို့အတွက် သဘာဝ သယံဇာတကို ဒေသခံများပိုင်ဆိုင်ခွင့်နှင့် ပြည်နယ် အစိုးအား စီမံခွင့်ပေးရန်လိုအပ်ကြောင်း သူမက ပြောဆိုသည်။
မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှု၊ ၀င်ငွေခွဲဝေမှုနှင့် သက်ရောက်မှု အစီရင်ခံစာတွင် ရခိုင်ပြည်နယ်မှ ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ထုတ်လုပ်မှုသာမက ကချင်ပြည်နယ်မှ ကျောက်စိမ်း တူးဖော်ထုတ်လုပ်မှုအကြောင်းကို ကွင်းဆင်းသုတေသနပြုလုပ်ကာ အဓိကထား ဖော်ပြထားသည်။
သူမက ‘‘အားလုံးပါ၀င်ပြီး တရားမျှမှု ရှိတဲ့ သဘာဝ သယံဇာတစီမံအုပ်ချုပ်မှုစနစ်ပေါ်ထွန်းရေး၊ ရည်ရှည် တည်တံ့သော ငြိမ်းချမ်းရေးနဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးမှာ သယံဇာတဆိုင်ရာ စဉ်းစားချက်များကို အဓိကတင်ပြထားပါတယ်။ အစီရင်ခံမှာ အဓိကနေရာ (၂)ခု ကိုရွေးချယ်ထားပါတယ်။ ကချင်ပြည်နယ်မှ ကျောက်စိမ်းတူးဖော်မှုနဲ့ ရခိုင်ပြည်နယ်မှ ရေနံနှင့် သဘာဝ ဓာတ်တူးဖော်မှုများကို အဓိကဖော်ပြထားပါတယ်။ အစီရင်ခံစာထုတ်ဝေဖို့အတွက် အရပ်ဘက် အဖွဲ့ အစည်းတွေ၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း ဆွေးနွေးခဲ့ပါတယ်’’ဟု အစီရင်ခံစာနှင့် ပတ်သက်ပြီး ပြောဆိုသည်။
သုတေသနစာတမ်းသည် မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း သဘာဝသယံဇာတ၏ အခန်းကဏ္ဍကို ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှုနှင့် အကျိုးအမြတ်ခွဲဝေမှု ရှုထောင့်တို့မှ ညှိုနှိုင်းဆွေးနွေးနိုင်ရန်နှင့် ပြည်တွင်းသာမက အင်ဒိုနီးရှား၊ ဆူဒန်၊ နိုင်ဂျီးရီးယာနှင့် ကနေဒါ စသည့် နိုင်ငံတကာအတွေ့အကြံုများကိုလည်း လေ့လာ တင်ပြထားသည်ဟု ဆိုသည်။
သက်ဆိုင်ရာ နိုင်ငံရေးအစုအဖွဲ့များအား မြန်မာနိုင်ငံ၏ လက်ရှိသဘာဝသယံဇာတ စီမံအုပ်ချုပ်မှု စနစ်ကို အသိပေးရန်၊ သဘာဝသယံဇာတ သဘောတူညီချက်များပါ၀င်သော နိုင်ငံတကာ ငြိမ်းချမ်းရေး ဖြစ်စဉ် များကို နှိုင်းယှဉ်ပြရန်နှင့် မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း သဘာဝသယံဇာတများကို ထိရောက်စွာ ညှိနှိုင်းသင့်သည့် လက်တွေ့ကျသောနည်းလမ်းများကို အကြံပြုနိုင်ရန် ရည်ရွယ် ပြုစုထားကြောင်း နန်းအေးအေးသွယ် ကပြောကြားခဲ့သည်။
သဘာဝသယံဇာတပိုင်ဆိုင်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၃၇ (က)တွင် နိုင်ငံ၏သယံဇာတအားလုံးကို နိုင်ငံတော်က ပိုင်သည်ဟုဖော်ပြထားသည်။ နိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သောနိုင်ငံဟုခေါ်ပြီး မြန်မာနိုင်ငံသား အားလုံးကို ရည်ညွန်းသည်။ လက်တွေ့တွင် ဗဟိုအုပ်ချုပ်မှု စနစ်ကြီးစိုးနေပြီး ဗဟိုက တာဝန်ရှိသူများသာ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ခြယ်လှယ်နေကြသည်။ သယံဇာတအားလုံး၏ပိုင်ရှင်များသဖွယ် ဒေသခံပြည်သူများနှင့် ပြည်နယ်အစိုးရတို့ကို ညှိနှိုင်းတိုင်ပင်ခြင်းမပြုဘဲ လုပ်ကွက်များသတ်မှတ်ပြီး လုပ်ကို်င်ခွင့် လိုင်စင် ထုတ်ပေးကြောင်း ဒေသခံများထံမှသိရသည်။
သဘာဝ သယံဇာတစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ၂၀၀၈ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ(၃၇)(ခ)တွင် သယံဇာတဆိုင်ရာစီမံခန့်ခွဲမှုများကို နိုင်ငံတော်မှဆောင်ရွက်မည်ဟုဖော်ပြထားသည်။
သယံဇာတဆိုင်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေများကို ရေးဆွဲထုတ်ပြန်ပေးခြင်း၊ လုပ်ကွက်နှင့် လုပ်ကိုင်ခွင့် လိုင်စင် ချပေးခြင်း၊ သယံဇာတတူးဖော်ရေးလုပ်ငန်းများကိုကြီးကြပ်ခြင်းနှင့် အခွန်ငွေများကောက်ခံခြင်းစည့် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို ဗဟိုကသာချုပ်ကိုင်ထားသည်။
လက်ရှိသယံဇာတစီမံခန့်ခွဲမှုကို ဗဟိုအစိုးရ လက်ထဲမှ ပြည်နယ်အစိုးရလက်ထဲသို့ လွှဲပြောင်း ပေးရန် လိုကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။







