ငန်းတောင်ကျေးရွာမှ မနုနုနွယ်နှင့် မဦးမတို့နှစ်ဦးတို့သည် ကျေးရွာအနီးရှိတောင်တွင် တောမြောက်ဥ(ခ)၀က်ဝဲဥသွားရောက်တူးရာမှ ရခိုင်ရှေးဟောင်းဒင်္ဂါးအများအပြားတွေ့ရှိကြောင်း ငန်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘိုသိန်းချေက ပြောကြားသည်။
‘‘ ဒင်္ဂါးပြားရတာမှန်ပါတယ်။ သူတို့ကို ကျနော်သွားပြီးမေးတဲ့အခါ ဒီနား တစ်ပြား ဟိုနား တစ်ပြားနဲ့ သူတို့ဆီမှာ လက်ရှိ ၄၊ ၅ပြားပဲကျန်ပါတော့တယ်။ သူတို့ကို ကျနော်မေးကြည့်သလောက် ဒင်္ဂါးပြား ၂၀၊ ၃၀ လောက် ရတယ်လို့ပြောပါတယ်’’ ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။
သို့သော်လည်း ကျေးရွာသားများ အကြားတွင် ငွေဒင်္ဂါးအများအပြားရရှိကြောင်း သတင်း ဖြစ်ပေါ်နေကြောင်း ရွာသား တစ်ဦးက နိရဥ္စရာသို့ ပြောသည်။
‘‘ တောင်မှာ ၀က်ဝဲတူးရင်းနဲ့တွေ့တာလို့သိရတယ်။ သူတို့တွေ့ထားတာ (၅)လလောက်ရှိပြီလို့ကြားတယ်။ ရခိုင်ရှေးဟောင်းဒင်္ဂါးအများ အပြားရတဲ့ ကာယကံရှင်နှစ်ဦးကို သွားမေးတာ သူတို့က သိပ်မပြောချင်ဘူး။ သူတို့က လှို့ဝှက်ထားချင်ပုံပေါ်တယ်။ မြင်ဖူးလိုက်တဲ့တစ်ယောက်ပြောတာကတော့ ဒင်္ဂါးပြား နို့စည်ဗူး ၃ လုံး အပြည့်ရှိတယ်။ စုစုပေါင်း(၈၀) ပြားလောက်ရှိမယ်လို့ ပြောပါတယ်။ ဘယ်နှစ်ပြားလဲဆိုတာတော့ အတိအကျမသိရသေးဘူး’’ဟု သူကပြောသည်။
၎င်းဒင်္ဂါးပြားများကို တွေ့ရှိသူ မနုနုနွယ်မှ ၎င်းကျေးရွာမှ ဦးဝေဖြူအောင်ကို အပ်လိုက်သည်ဟု ကြားသိရကြောင်း ၎င်းရွာသားကဆက် လက်ပြောကြားခဲ့သည်။
ဒင်္ဂါးပြားရရှိသူ ကာယကံရှင်နှစ်ဦးကို ဆက်သွယ်မေးမြန်းရန်ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရရှိသေးပါ။
“ ဒီလိုငွေဒင်္ဂါးတွေကို မြေပုံမြို့နယ် ငန်းတော်ကျေးရွာမှာ တွေ့ရှိခဲ့ရတာပါ။ ရှေးရခိုင်ငွေဒင်္ဂါး ၅၂ ပြားလို့ ကြားသိရပါတယ်။ ဒီငွေ ဒင်္ဂါးတွေဟာ တစ်ချိန်က ရခိုင်တို့၏ ချမ်းသာကြွယ်ဝမှုအား ဖော်လှစ်ပြသနေတာ ဖြစ်တဲ့ အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်း ရတနာတွေပါ ” ဟု မြေပုံမြို့နယ်မှ စာရေးဆရာ ဆရာတော် ဣန္ဒာစာရ ၊ (ရွှေဥုတ်ပျံ) မှ နိရဥ္စရာသို့ပြောသည်။
လက်ရှိအချိန်တွင် ငွေဒင်္ဂါးများအား ရောင်းခြင်းမပြုလုပ်ရန်တားမြစ်ထားပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (မြောက်ဦး ဌာနခွဲ) သို့ဆက်သွယ်ဆောင်ရွက်ရန်စီစဉ်နေကြကြောင်းလည်း ဆရာတော်မှ မိန့်ကြားသည်။
အလားတူ ယခုနှစ် ဖေဖော်ဝါရီ အတွင်းကလည်း ကျောက်ဖြူမြို့နယ် စနဲမြို့ ကံပြင်စု ရပ်ကွက်မှ ဒေါ်မရွှေကြည်သည်လည်း ၀က်ဝဲဥ (မြောက်ဥ)တူးရာမှ ငွေဒင်္ဂါး ၄၁ ပြားကို ရရှိခဲ့ကြောင်း သိရှိရသည်။







