ဘင်္ဂလာဒေ့ရှ်မှ ၀င်ရောက်လာသူ ၂၈ ဦးကို နယ်ခြားစောင့်က တရားစွဲ

ဘင်္ဂလာဒေ့ရှ်မှ ၀င်ရောက်လာသူ ၂၈ ဦးကို နယ်ခြားစောင့်က တရားစွဲ
by -
နိရဥ္စရာ
ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ စက်လှေတစ်စီးဖြင့် မြန်မာနို်င်ငံသို့ ၀င်ရောက်လာ၍ ဖမ်းဆီးခံထားရသူ ၂၈ ဦးကို နယ်ခြားစောင့်တပ်ဖွဲ့က တရားစွဲဆိုထားပြီး စစ်ဆေးမေးမြန်းနေကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

“ ဖမ်းမိတဲ့ ဘင်္ဂလီ ၂၈ ဦးကို လက်ရှိ မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှာ ဖမ်းဆီးထိန်းသိမ်းပါတယ်။ မကျည်းချောင်း နယ်ခြားစောင့် ရဲစခန်းကနေ တရားစွဲဆိုထားပြီး ဥပဒေကြောင်းအရ စစ်ဆေးနေပါတယ်။ လက်ရှိ ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ အချိန်မို့ ရဲစခန်းမှာ စစ်ဆေးမေးမြန်းနေတာ ဖြစ်ပါတယ် ” ဟု ဦးရဲထွဋ်က ပြောဆိုသည်။

၎င်း ၂၈ ဦးအထဲတွင် အမျိုးသား ၂၅ ဦးနှင့် အမျိုးသမီး ၃ တို့ ဖြစ်ကြပြီး မတ်လ ၅ ရက် ည ၉ နာရီ ၃၀ မိနစ် အချိန်တွင် မောင်တောမြို့နယ် သရေကုန်တန်း ကျေးရွာအုပ်စု၊ တုံးချောင်းနှင့် နွားမျက်တောင်ချောင်း အနောက် တောင်ဘက် ၁ မိုင်ခန့်အကွာ၊ နတ်မြစ်အတွင်း မသင်္ကာဖွယ် စက်လှေ ၁ စီးနှင့် အတူ တပ်မတော်ရေမှ ဖမ်းဆီး မိခဲ့သူများ ဖြစ်ကြသည်။

“ စစ်ဆေးချက်အရ သူတို့တွေဟာ စစ်တွေနဲ့ ပေါက်တောဘက်က ဖြစ်ကြပြီး လွန်ခဲ့တဲ့ သုံးလလောက်က အလုပ် လုပ်ဖို့ ဘင်္ဂလာဒေ့ရှ်ကို ထွက်သွားကြသူတွေလို့ သိရပါတယ်။ အခု ပြန်ဝင်အလာမှာ ဖမ်းဆီးခံရတာပါ” ဟု ခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောကြားသည်။

မြန်မာနယ်စပ်အာဏာပိုင်များ အနေဖြင့် တစ်ဘက်နိုင်ငံမှ လူပေါင်း ၅၀၀၀ ခန့် ပြန်ဝင်လာသည်ဟု နိုင်ငံခြား သတင်းဌာနများမှ ရေးသားခြင်းနှင့် ပတ်သက်ပြီး သတင်းမရသေးကြောင်း၊ ကြားသိခြင်းလည်း မရှိကြောင်း၊ ယခုလို ၀င်ရောက်၍လည်း ရမည် မဟုတ်ကြောင်း၊ ၀င်လာလျှင်လည်း နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၊ ချောင်းပေါက်ဝ ကင်းစခန်းမျာ၊ နတ်မြစ် မြစ်ကြောင်း လုံခြံုရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေ သိရှိမှာဖြစ်ကြောင်း၊ ယခု ဖမ်းဆီးခံထားရသူ ၂၈ ဦးမှ အပ လူအများအပြား ၀င်လာသည်ကို မတွေ့ရှိရကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူးဦးရဲထွဋ်က ပြောဆိုသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...