မောင်တောခရိုင်မှ ဆယ်တန်းစာစစ်ဌာနများအားလုံး လုံခြံုရေးတင်းကျပ်

မောင်တောခရိုင်မှ ဆယ်တန်းစာစစ်ဌာနများအားလုံး လုံခြံုရေးတင်းကျပ်
by -
နိရဥ္စရာ
မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကာလအတွင်း မောင်တောခရိုင်ရှိ စာစစ်ဌာနများနှင့် အနီးပတ်ဝန်းကျင်များကို လုံခြံုရေး တင်းကျပ်သွားမည်ဟု သတင်းရရှိသည်။

မောင်တောခရိုင်တွင်း စာမေးပွဲဖြေဆိုကြမည့် ကျောင်းသူကျောင်းသားများနှင့် ကျောင်းသားမိဘပြည်သူများအနေဖြင့် မောင်တောခရိုင်တွင်း လုံခြံုရေးနှင့်ပတ်သက်ပြီး စိုးရိမ်စရာမလိုကြောင်း၊ လုံခြံုရေးကို တင်းကျပ်စွာ ဆောင်ရွက် ထားကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်မှ နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ ကျနော်တို့ စာစစ်ဌာနကျတဲ့ ကျောင်းတိုင်းကို လုံခြံုရေး စီစဉ်ဆောင်ရွက်ထားပြီးပါပြီ၊ စာစစ်ဌာနအလိုက် လုံခြံုရေးတွေနဲ့ မေးခွန်လွှာပို့မယ်။ အဖြေလွှာသယ်မယ်။ သက်ဆိုင်ရာ ပညာရေးမှူးထံအပ်မယ်။ နယ်မြေရဲနဲ့ နယ်ခြားစောင့်ရဲ ပူးပေါင်းဆောင်ရွက်ထားပြီးပါပြီ။ လိုအပ်တဲ့ နေရာမှာ ရဲတပ်ဖွဲ့ဝင်တွေကို တိုးချထားတာ တွေရှိပါတယ်။ နေရာလုံခြံုရေး၊ လမ်းကြောင်း လုံခြံုရေး စတဲ့ လုံခြံုရေး အားလုံးကို စီစဉ်ဆောင်ရွက်ထားပါတယ်” ဟု ခရိုင် အုပ်ချုပ်ရေးမှူးက ပြောသည်။

မောင်တောခရိုင်အတွင်းတွင် ဘူးသီးတောင်မြို့နယ်တွင် စာစစ်ဌာ ၆ ခုနှင့် မောင်တောမြို့နယ်တွင် စာစစ်ဌာန ၅ ခု၊ စုစုပေါင်း ၁၁ ခု ရှိသည်။ မောင်တောမြို့နယ်တွင် စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား ကျောင်းသူ (၂၀၅၂) ဦး ရှိပြီး ဘူးသီးတောင်မြို့နယ်တွင် ၁၈၈၉ ဦး (ကျား၁၂၆၉ ဦး၊ မ ၆၂၀) ဦး ၀င်ရောက် ဖြေဆိုမည် ဖြစ်ကြောင်း သိရသည်။

မောင်တော ခရိုင်ပညာရေးမှူး ဦးအုန်းမြင့်မှလည်း စာစစ် ဌာန(၁၁) ခုအတွက် လုံခြံုရေးကို နယ်မြေရဲ တပ်ဖွဲ့ဝင်များက တာဝန်ယူ ဆောင်ရွက်ထားကြောင်း နိရဥ္စရာသို့ပြောသည်။

“ ကျနော်တို့ ခရိုင်အုပ်ချုပ်ရေးမှူးကနေပြီးတော မြို့နယ်တွေအတွက် နယ်ခြားစောင့်ရဲတွေကို လုံခြံုရေး ချထားပေးသွားပါမယ်။ မြို့နယ်ဌာနဆိုင်ရာတွေ အလိုက်လည်း ကြီးကြပ် အဖွဲ့တွေ ဖွဲ့စည်း ချထားပေးထားပါတယ်” ဟု ခရိုင်ပညားရေးမှူးက ပြောဆိုသည်။

ဘူးသီးတောင်တွင်လည်း လုံခြံုရေးကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးမှ တင်းတင်းကျပ်ကျပ် စီစဉ်ထားကြောင်း၊ လုံခြံုရေးနှင့် ပတ်သက်ပြီး ယနေ့ နံနက် ၁၀ နာရီတွင် အစည်းအဝေးပြုလုပ်သွားမည် ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် ပညာရေးမှူး ဦးညွှန့်ဖေက နိရဥ္စရာသို့ ပြောကြားသည်။

မောင်တောခရိုင် မောင်တောမြို့နယ်တွင်း ပရဟိတဘုန်းတော်ကြီး ပညာရေးကျောင်းတစ်ခုဖြစ်သည့် နံသာတောင် ဘုန်းတော်ကြီးကျောင်းမှ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသူ ကျောင်းသား (၁၃၀) ကျော်အတွက် တောင်ပြိုလက်ဝဲမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ လုံခြံုရေးတာဝန်ယူထားကြောင်း ဦးဆောင်နာယက နံသာတောင်ဆရာတော်မှ နိရဥ္စရာသို့ ပြောသည်။

“လုံခြံုရေးတော့ စိတ်ချရမှာပါ။ အခက်အခဲကတော့ ဦးဇင်းတို့ကျောင်းကနေ တောင်ပြိုကိုသွားဖြေရမယ်။ ကျောင်းသား (၁၃၀) ကျော်အတွက် လုံခြံုရေးထက် စားရေးသောက်ရေးက အဓိကအခက်အခဲအဖြစ်ရှိနေပါတယ်” ဟုဆိုသည်။

Most read this week

January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...