မောင်တောဒေသခံတိုင်းရင်းသားများ ၀င်ငွေတိုးရေး ၀က်မွေးမြူရေးတိုးမြှင့်ဆောင်ရွက်မည်

မောင်တောဒေသခံတိုင်းရင်းသားများ ၀င်ငွေတိုးရေး ၀က်မွေးမြူရေးတိုးမြှင့်ဆောင်ရွက်မည်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တော ဒေသရှိ ရခိုင်တိုင်းရင်းသားများ၏ စီးပွားဝင်ငွေတိုးရန် ရည်ရွယ်လျက် ရခိုင် လူမှု အဖွဲ့အစည်းများမှ တစ်ပိုင် တစ်နိုင် ၀က်မွေးမြူရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန် စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရှိရသည်။

လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီ (စစ်တွေ) မှ လှူဒါန်းငွေ ကျပ် ၃၃ သိန်းကျပ်ဖြင့် ရခိုင်မျိုးစောင့်အဖွဲ့ ARG မှ ၀က်သားပေါက်များကို ၀ယ်ယူ၍ မောင်တောဒေသရှိ ကျေးရွာသားများသို့ ဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။

“စစ်တွေမြို့ လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီက မောင်တောဒေသက ဆင်းရဲတဲ့ ရခိုင်ဒေသခံတွေ အတွက် ၀က်မွေးမြူနိုင်ရေး ရည်ရွယ်ပြီးတော့ ငွေ ကျပ် ၃၃ သိန်းကျပ်ကူညီ လှူဒါန်းထားပါတယ်။ အဲဒီငွေနဲ့ ၀က်အကောင် ၆၀ ၀ယ်ယူသွားပါမယ်။ ပထမ အကြိမ် ၀က်မ ၁၀ ကောင် မောင်တောသို့ ရောက်ရှိလာပါပြီ။ နောက်ထပ် အကောင် ၅၀ ကို ယူရပါဦးမယ်” ဟု ရခိုင်မျိုးစောင့်အဖွဲ့ ဥက္ကဋ္ဌက ဦးဘအေး နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယင်းဝက်အကောင် ၆၀ ကို လုပ်ကိုင်စားသောက်ရေးအတွက် အခက်အခဲရှိသော ရွာများကို ဦးစားပေး ပေးအပ်သွားမည်ဖြစ်ပြီး ပထမဦးစားပေးမှာ မောင်တောမြို့နယ် အောင်ဗလကျေးရွာ၊ ဒုတိယ ဦးစားပေးမှာ ပြားသားရွာနှင့် သီရိမြိုင်ကျေးရွာတို့ဖြစ်ပြီး၊ အဆိုပါရွာများပြီးမှ ခရေမြိုင်၊ ရွှေရင်အေး၊ ရွှေဗဟို စသည့်ကျေးရွာများကို ပေးအပ်သွားမည်ဟု ဆိုသည်။

“၀က်မွေးမြူရေး လုပ်ကိုင်ရတာကတော့ တစ်ချို့ကျေးရွာတွေက ရွာသားတွေမှာ လယ်ယာပိုင်ဆိုင်မှု လုံးဝ မရှိတဲ့အပြင် အခြားလုပ်ကိုင်စရာ အလုပ်လည်း မရှိကြပါဘူး။ ဥပမာပြောရရင် အောင်ဗလကျေးရွာသားတွေမှာ လယ်ယာပိုင်ဆိုင်မှု လုံးဝ မရှိကြပါဘူး။ ရွာခြံစည်းရိုးနဲ့ ကပ်ရပ်လယ်တွေဟာ ဘင်္ဂါလီတွေ ပိုင်ဆိုင်တဲ့ လယ်မြေတွေပဲ ဖြစ်ပါတယ်။ နောက်တစ်ခုက ၀က်တွေကို အမျိုးသမီးတွေအနေနဲ့ အဘွားအိုတွေကအစ လုပ်ကိုင်လို့ ရနိုင်ပါတယ်။ အဲ့ဒါကြောင့် အိမ်တွင်း စီးပွားရေး လုပ်ငန်းတစ်ခုအနေနဲ့ အကူအညီ ပေးရတာဖြစ်ပါတယ်”ဟု ဦးဘအေးကပြောသည်။

၀က်မွေးမြူရေးလုပ်ငန်း အကောင်အထည်ဖေါ် ဆောင်ရွက်ရာတွင်လည်း မွေးမြူလိုသူများကိုသာ ပေးအပ်သွားမည်ဖြစ်ပြီး၊ ၀က်စာများအတွက် မွေးမြူသူများက တာဝန်ယူရမည်ဖြစ်ကာ ARG တွင် စပါးကြိတ်စက်မှ ထွက်ရှိလာသော ဖွဲနုကြမ်းနှင့် ARG စိုက်ခင်းတွင် ၀က်စာအတွက် စိုက်ပျိုးထားသော အပင်များကိုလည်း ပေးအပ်သွားမည်ဟု သိရသည်။

အလှူရှင်များ၏ လှူဒါန်းငွေများအပေါ်တွင်မူတည်ပြီး နောက်ထပ်လည်း မောင်တောဒေသ ကျေးရွာသားများအတွက် ၀က်မွေးမြူရေး လုပ်ငန်းကို ARG က တိုးချဲ့လုပ်ကိုင်သွားမည်ဟု သိရှိရသည်။

Most read this week

January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...