ကမ်းပြို၍ လက်မကျေးရွာ ပြောင်းရွှေ့ပြီ

ကမ်းပြို၍ လက်မကျေးရွာ ပြောင်းရွှေ့ပြီ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရွှေတမာ ကျေးရွာအုပ်စု လက်မ ရခိုင်ရွာကို လေးမြို့မြစ် ကမ်းပါးပြိုသဖြင့် ယခုအခါ မိုင်ဝက်ခန့် ဝေးသော တောင်ခြေရင်းသို့ ပြောင်းရွှေ့နေကြပြီ ဖြစ်သည်။

လက်မ ရခိုင်ရွာ ပြောင်းရွှေ့ရေးကို ဖေဖော်ဝါရီ ၂၇ ရက်နေ့ စတင်ခဲ့ပြီး အိမ်ခြေစုစုပေါင်း ရ၉ ဆောင်ကို ပြောင်းရွှေ့နေပြီ ဖြစ်ကြောင်း လက်မ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရွှေသိန်းက နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

“ ကျေးရွာပြောင်းရွှေ့ရေးအတွက် ရခိုင်ပြည်နယ် အစိုးရက ကျပ် ၁၁၄ သိန်း ထောက်ပံ့ကူညီပါတယ်။ အိမ်တစ်အိမ်ကို တစ်သိန်းစီရပါတယ်။ ကျန်တဲ့ ငွေနဲ့ ရွာတည်ဖို့ မြေ ၃ ဧက ၀ယ်ရပါတယ်။ လိုတာက ၆ ဧက ဖြစ်ပါတယ်။ ပိုက်ဆံ မနိုင်သေးတဲ့ အတွက် ၃ ဧကဘဲ ၀ယ်ထားရပါတယ်” ဟု အုပ်ချုပ်ရေးမှူး ဦးရွှေသိန်းက ပြောသည်။

၎င်းပြင် ကျေးရွာအတွက် ရေတွင်း ရေကန်များ၊ စာသင်ကျောင်းနှင့် ဆင်းရဲသော မိသားစုများအတွက် အထောက်အပံ့များလို အပ်နေကြောင်း ရွာသား တစ်ဦးဖြစ်သူ ဦးအောင်စိုးက ပြောသည်။

“ ရေကန်တွေလည်း တူးဖော်ဖို့ လိုအပ်နေပါတယ်။ အဓိက ရေကန်လိုပါတယ်။ ပီးရင် အိမ်တွေ ပြန်ဆောက်ရတဲ့ အတွက် တတ်နိုင်တဲ့လူတွေ အတွက် ပြသနာ မရှိပေမယ့် မတတ်နိုင်တဲ့သူတွေက အခက်အခဲ အများကြီး ရှိနေပါတယ်။ ရွာမှာလည်း လက်လုပ်လက်စားက ပိုများတော့ လူမှုအဖွဲ့အစည်းတွေဆီက အကူအညီတွေ လိုအပ်နေပါတယ်။ လာရောက်ကြည့်ရှုပြီး ကူညီကြဖို့ ရခိုင်လူမှုအဖွဲ့အစည်းတွေကို မေတ္တာရပ်ခံချင်ပါတယ်”ဟု ဦးအောင်စိုးက ပြောသည်။

စာသင်ကျောင်းမှာ ယခင်က လက်မ မူဆလင်ရွာနှင့် တွဲထားသဖြင့် ယခုအခါ ရွာကို ပြောင်းရွှေ့လိုက်ပြီ ဖြစ်သဖြင့် မူလတန်း စာသင်ကျောင်းကိုလည်း ပြည်နယ် အစိုးရမှ သီးသန့်ချလိုအပ်နေကြောင်း သူက ပြောကြားသည်။

“ မူလတန်းကျောင်းကို သီးသန့်ချပေးလိုပါမယ်။ ဒီအတွက်လည်း အထက်လူကြီးတွေကို တောင်းဆိုပါတယ်။ ဘုန်းတော်ကြီးကျောင်းကတော့ ယခင်နေရာမှာ အိမ် ၁၅ ဆောင်နဲ့ အတူ ကျန်နေခဲ့ပါတယ်။ ဘုန်းကြီးကျောင်းက ရွှေ့ဖို့ မလိုတဲ့ အတွက်ပါ” ဟု အုပ်ချုပ်ရေးမှူး ဦးရွှေသိန်းက ပြောသည်။

လက်မရွာသည် လေးမြို့မြစ်ကမ်းဘေးတွင် တည်ရှိပြီး နှစ်စဉ် မိုးတွင်းကာလတွင် ကမ်းပါးပြိုမှုနှင့် ရင်ဆိုင်ရသဖြင့် ရွာကို မူလနေရာမှ တောင်ခြေရင်းသို့ ပြောင်းရွှေ့ရခြင်း ဖြစ်ကြောင်း သိရသည်။

Most read this week

January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...