ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းတွင် ပုဇွန်သားပေါက်များ တင်ဆောင်လာသောကားများမှ ငွေကြေးများ တရားမဝင်ကောက်ခံမှုများရှိနေ

ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းတွင် ပုဇွန်သားပေါက်များ တင်ဆောင်လာသောကားများမှ ငွေကြေးများ တရားမဝင်ကောက်ခံမှုများရှိနေ
by -
နိရဥ္စရာ
ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းတွင် မင်းပြားနှင့် ပေါက်တောမြို့များသို့ ပုဇွန်သားပေါက်များ တင်ပို့နေသော ကားများမှ တရားမဝင် ငွေကြေးကောက်ခံမှုများရှိနေကြောင်း ဒေသခံများက နိရဥ္စရာသို့ သတင်းပေးပို့သည်။

ပုဇွန်သားပေါက်များ တင်ပို့နေသူ ရသေ့တောင်မြို့နယ် အောင်ဗလအုပ်စု သာစည်ကုန်း ရွာသား တစ်ဦးက ကားတစ်စီးလျှင် တစ်သောင်းကျပ်နှုန်းဖြင့် စရဖ အဖွဲ့နှင့် အငူမော် နယ်ခြားစောင့်စခန်းမှ ကောက်ယူနေခြင်း ဖြစ်ကြောင်း ပြောကြားသည်။

“ ဒီလုပ်ငန်းတွေက ငါးလုပ်ငန်း ဦးစီးဌာန တရားဝင် လိုင်စင်နဲ့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ရသေ့တောင်နဲ့ မောင်တောမြို့နယ် ပင်လယ်ပြင်ကမ်းစပ် တစ်လျှောက်ကနေ ဖမ်းမိတဲ့ သားပေါက် ပုဇွန်တွေပါ။ မင်းပြားနဲ့ ပေါက်တောကို တင်ပို့ပါတယ်။ ပုဇွန်သားပေါက်တွေပါရင် တစ်စီးကို ကျပ်တစ်သောင်းစီ တောင်းပါတယ်။ မပေးရင် ပုံစံ အမျိုးမျိုး နှောင့်ယှက်ပါတယ်” ဟု ၎င်းပုဇွန်သားပေါက် တင်ပို့သူက ပြောသည်။

ပုဇွန်သားပေါက် တစ်ကောင်ကို ၁၈ ကျပ်၊ ၁၉ ကျပ်ဖြင့် ရောင်းရကြောင်း၊ အမြတ်လည်း သိပ်မကျန်ကြောင်း၊ ယင်းအထဲမှ ပုဇွန်သားပေါက် တင်လာသောကားများမှ တစ်စီးတစ်သောင်းကျပ်နှုန်းဖြင့် တရားမဝင် ပေးနေရ၍ အခက်အခဲများရှိနေကြောင်း၊ တစ်နေ့လျှင် ကားတစ်စီးမှ ၅ စီးထိ ပုဇွန်သားပေါက်များကို သယ်ယူ တင်ပို့နေကြောင်း၊ အငူမော်ဆိပ်ကမ်းတွင် တရားမဝင် တောင်းခံနေခြင်း ဖြစ်ကြောင်း သူက ပြောကြားသည်။

“ ကျွန်တော်တို့ အပေါ် ဒီလို မတရား လုပ်နေတာကို အထက်လူကြီးတွေ သိစေချင်ပါတယ်။ တားမြစ်ပေးစေချင်ပါတယ်။ သိလို့လဲ အထက်က အရေးမယူရင် ရွာသားတွေ စုပေါင်းပြီး ဆန္ဒဖော်ထုတ်သွားဖို့လဲ စီစဉ်ထားပါတယ်” ဟု သူက ဆက်ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အငူမော် နယ်ခြားစောင့်စခန်းသို့ ဆက်သွယ်ရာ အဆက်အသွယ် မရရှိခဲ့ပါ။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...