လူငယ်တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၂၇ ရက်နေ့ထိ (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။
ယင်းတွေ့ဆုံပွဲကို ဒေါက်တာကျော်ရင်လှိုင် ဦးဆောင်သော ကွဲပြားခြားနားမှုနှင့် အမျိုးသားများ သဟဇာတ ဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ Center for Diversity and National Harmony (CDNH) က ပံ့ပိုးကူညီမှုဖြင့် ပြုလုပ်နေသည်ဟု သိရသည်။
“ဒီတွေ့ဆုံပွဲကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ မြောက်ဦးလူငယ် အစည်းအရုံးကို တစ်မြို့နယ်လုံး ကိုယ်စား ပြုနိုင်အောင် တိုးချဲ့ဖွဲ့စည်းရေး၊ မြောက်ဦးမြို့မစာကြည့်တိုက်အတွက် ကိုယ်ပိုင်မြေနေရာနဲ့ ကိုယ်ပိုင် အဆောက် အဦတစ်ခု ရရှိနိုင်အောင် ကြိုးစားဆောင်ရွက်ရေး၊ မြောက်ဦးတစ်မြို့နယ်ရှိ ကျေးရွာတွေမှာ စာကြည့်တိုက် ပေါ်ပေါက်ရေး၊ မွဲပြာကျနေတဲ့ ရခိုင်တစ်ပြည်နယ်လုံးမှာ စာကြည့်တိုက် ပေါ်ပေါက်အောင် ဆောင်ရွက် နိုင်ရေး၊ မြန်မာနိုင်ငံနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ လူငယ်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ရေး၊ မြောက်ဦး လူငယ်တွေနဲ့ မြောက်ဦးမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံပြီးတော့ လူငယ်တွေရဲ့ လိုအပ်ချက်ကို တင်ပြနိုင်ရေး တို့ဖြစ်ပါတယ်” ဟု မြောက်ဦး လူငယ်များအစည်းအရုံးမှ ပြောရေးဆိုခွင့်ရှိသူ ကိုဇော်ထွန်း က ပြောသည်။
အခမ်းအနားသို့ မြောက်ဦးမြို့ပေါ်မှ ဆရာတော်ကြီးများ၊ ရခိုင်အမျိုးသားပါတီ မြောက်ဦးမြို့နယ်မှ ခေါင်းဆောင်များ၊ ကျေးရွာ အသီသီးမှ ကိုယ်စားလှယ်များ၊ အခြားမြို့နယ်များမှ လေ့လာသူ လူငယ် ကိုယ်စားလှယ်များ ၊ CDNH မှ တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
“မြောက်ဦးတစ်မြို့နယ်လုံးက လူငယ်တွေကို အခုလိုမျိုး စည်းစည်းလုံးလုံး တွေ့ရတဲ့ အတွက် ဝမ်းသာ အားရမိပါတယ်။ ရခိုင်အချုပ်အခြာအာဏာ ဆုံးရှုံးဆုံးလာခဲ့ရတာ နှစ် ၂၀၀ ကျော် ကြာလာပြီဖြစ်တဲ့တွက် ရခိုင်လူမှုအဖွဲ့အစည်းမှာ စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်ပေါ်နေပါတယ်။ စိတ်ဝမ်းကွဲပြားတဲ့အတွက် အဖိနှိပ်ခံ ကျွန်ဖြစ်နေရပါတယ်။ အဲ့ဒီကျွန်ဘဝက လွတ်မြောက်ဖို့အတွက် စည်းလုံးညီညွတ်ဖို့လိုပါတယ်။ စည်းလုံး ညီညွတ်ရေးအတွက် အခုလိုမျိုး မြောက်ဦးလူငယ်များ အစည်းအရုံးက လုပ်ဆောင်နေတဲ့အတွက် ဝမ်းသာ ပါတယ်”ဟု မြောက်ဦးမြို့ မြို့ဦးခေါင်းဆရာတော် ဦးဝန္နသာရက မိန့်ကြားသည်။
ယခုလက်ရှိတွင် ရခိုင်ပြည်နယ်၌ အဖွဲ့စည်းများသည် မိမိအဖွဲ့ကိုသာ မှန်သည်ဟု ယူဆပြီး အခြားသူများ အဖွဲ့အစည်းများကို ပုတ်ခတ်ဝေဖန်မှု ပြုလုပ်သည့်အပြင် အွန်လိုင်းပေါ်၌ ဆဲဆိုမှုများကို တွေ့ရကြောင်း၊ ယင်းဆဲဆိုမှုများသည် မိမိလူမျိုး၏ ကြီးကျယ်သော သမိုင်းဂုဏ်သိက္ခာကို ထိပါးစော်ကားရာ ရောက်နေသည်ဟု ဆရာတော်က မိန့်ကြားသည်။
မြောက်ဦးမြို့နယ် ရခိုင်အမျိုးပါတီဥက္ကဋ္ဌ ဦးထွန်းလှိုင်ကလည်း “လူငယ်များဟာ ပန်းနဲ့တူတယ်။ ပန်းတွေဟာ လောကကို အလှဆင်တယ်။ အပွင့်က ချိုမြိန်တဲ့အသီးတွေကို သတ္တဝါတွေတွက် သီးပေးတယ်။ နောက်မျိုးစေ့အဖြစ် နောက်မျိုးဆက်တွေကို ပြန့်ပွားအောင် လုပ်ဆောင်ပေးတယ်။ လူငယ်တွေဟာလည်း ပန်းတွေလိုပဲ မိမိပတ်ဝန်းကျင်ကို အလှဆင်ပေးဖို့ ကြိုးစားနေသူတွေပါ”ပြေားကြားခဲ့သည်။
၃ ရက်တာ တွေ့ဆုံမှု၌ ပထမနေ့တွင် CDNH မှ တာဝန်ခံ ဒေါက်တာကျော်ရင်လှိုင်က လိုအပ်သော သဘောတရား များကို ပို့ချသွားမည်ဖြစ်ပြီး၊ ဒုတိယနေ့တွင် လူငယ်စကားဝိုင်းနှင့် တတိယနေ့တွင် လူငယ်နှင့် လွှတ်တော် ကိုယ်စားလှယ်များအကြားတွေ့ဆုံခြင်း အစီအစဉ်များပါဝင်ပြီး ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးလည်း တက်ရောက်၍ လူငယ်များနှင့် ပတ်သက်၍ ပြောကြားမည်ဟု ဆိုသည်။
အခမ်းအနားကို ရခိုင်စည်ဖြင့်ဖွင့်လှစ်၍ မူလတန်းကျောင်းသူများက မဟာနွယ်အကဖြင့် ဖျော်ဖြေခဲ့ကြသည်။
အလားတူ လူငယ်နှင့်ငြိမ်းချမ်းရေးဖိုရမ်ဆွေးနွေးပွဲ တစ်ခုကိုလည်း ကျောက်တော်မြို့တွင် CDNH ၏ အကူအညီဖြင့် မြို့နယ်အမျိုးသမီးကွန်ယက်အဖွဲ့ကပံ့ပိုးကာ ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၀ ရက်နေ့ထိ ၃ ရက်တိုင်တိုင် ပြုလုပ်ကျင်းပခဲ့သည်ဟု သိရသည်။







