မြောက်ဦးလေယာဉ်ကွင်းဆက်ဖောက်လုပ်မည့် အဆို ပြည်နယ်လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန်သဘောတူ

မြောက်ဦးလေယာဉ်ကွင်းဆက်ဖောက်လုပ်မည့် အဆို ပြည်နယ်လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန်သဘောတူ
by -
နိရဥ္စရာ
ရပ်တန့်နေသည့် မြောက်ဦးလေယာဉ်ကွင်းစီမံကိန်းအား ပြည်ထောင်စုဘဏ္ဍာငွေ ခွင့်ပြုရန်ပုံ ငွေဖြင့် တည်ဆောက်သင့်ကြောင်း ပြည်ထောင်စုအစိုးရသို့တိုက်တွန်းကြောင်းအဆိုကို ပြည်နယ်လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန် သဘောတူဆုံးဖြတ်လိုက်သည်။

ထိုအဆိုကို ဖေဖော်ဝါရီလ ၂ဝ ရက်နေ့တွင်စတင်ကျင်းပသည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့တွင် မြောက်ဦးမြို့နယ်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က တင်သွင်းခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ပစ္စုပ္ပန်ပကတိအခြေအနေမှာ ကျွန်တော်တို့မြောက်ဦးဟာ ယဉ်ကျေးမှုအမွေအနှစ် အထူးပေါများတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့မြေပြင်အခြေအနေမှာ ကျွန်တော်တို့မြောက်ဦးဟာ သမိုင်းဆိုင်ရာတန်ဖိုး၊ သုတေသနတန်ဖိုးတွေအများကြီးရှိပါတယ်။ အဲဒါကို အရင်းပြုပြီးတော့ ကျွန်တော်တို့ အမြတ်ထုတ်လို့ရပါတယ်။ ဒီလေယာဉ်ကွင်းသာ ရှိခဲ့ရင် နိုင်ငံခြားသားတွေရော၊ ပြည်တွင်းက ပိုက်ဆံ တတ်နိုင်တဲ့သူတွေရော အချိန်တို အတွင်းမှာ လာလို့ရတယ်။ ခရီးသွား လုပ်ငန်း တိုးတက်လာမယ်။ ဒေသခံ ပြည်သူတွေ ပို စီးပွားရေး အဆင်ပြေလာမယ်။ ဒါကြောင့် ဒီလေယာဉ်ကွင်းဟာ မဖြစ်မနေလိုအပ်နေပါတယ် “ဟု အဆိုရှင် ဦးထွန်းသာစိန်က ပြောသည်။

မြောက်ဦးလေယာဉ်ကွင်းကို မြောက်ဦးမြို့၏ အရှေ့ဘက် စစ်တွေ-ရန်ကုန်ကားလမ်းဘေးရှိ နန်းကျား ကျေးရွာအနီးတွင် ၂ဝ၁၅ ခုနှစ်၊ နှစ်ကုန်ပိုင်းမှစတင်ပြီး ပြည်နယ် အစိုးရ ဘတ်ဂျက် ၂၆ ဘီလီယံဖြင့် တည်ဆောက်နေခြင်းဖြစ်သည်။

လေယာဉ်ကွင်းကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအစိုးရ၏ခွင့်ပြုရန်ပုံငွေ ကျပ် ၂ ဘီလီယံ နှင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ်၂ ဘီလီယံ စုစုပေါင်း ကျပ် ၄ ဘီလီယံဖြင့် ဆုထူးစံကုမ္ပဏီက တာဝန်ယူတည်ဆောက်နေခြင်းလည်းဖြစ်သည်ဟုလည်း လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

“ဒီလေယာဉ်ကွင်းစီမံကိန်းသာဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ရခိုင်ပြည်နယ်ရဲ့ အင်မတန်မှ ဝင်ငွေကောင်းလာမယ့် အနေအထားတစ်ခုကို ကျွန်တော်မြင်မိပါတယ်။ ဒါကြောင့် ကုန်ခဲ့တဲ့ အစိုးရအဖွဲ့က အကောင်အထည်ဖော်ခဲ့တာကို ဒီနေ့တက်လာတဲ့အစိုးရအနေနဲ့ကတော့ တာဝန်ယူမှု၊ တာဝန်ခံမှုပိုင်းနဲ့ နိုင်ငံရဲ့၊ ပြည်နယ်ရဲ့အကျိုးစီးပွားကို ရှေးရှုလို့ ဆက်လက်ပြီးအကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ပါတယ်”ဟု အဆိုအား ထောက်ခံဆွေးနွေးခဲ့သူ မင်းပြားမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောဆိုသွားခဲ့သည်။

ထိုအဆိုအား ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေ ၄ နာရီနောက်ဆုံးထား၍ စာရင်းပေးသွင်းခဲ့ကြသည်ဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြောကြားသွားသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...