အင်္ဂရားချိုင်ကျွန်းသည် ရခိုင်ပြည်နယ်ရှိ အခြားကျွန်းဒေသများထက် ပညာရေးနိမ့်ကျနေသဖြင့် ပညာရေးကို မြှင့်တင်နိုင်ရန်အတွက် အနည်းဆုံး အလက ကျောင်းအဆင့် ချပေးရန်လိုအပ်နေသည်ဟု သူတို့က ဆိုသည်။
“ ကျေးရွာပေါင်း ၂၀ ခန့်ရှိပါတယ်။ လက်ရှိမှာ မူလတန်းကျောင်းတွေနဲ့ အလကခွဲ အဆင့် ကျောင်း ၄ ကျောင်းသာ ရှိသေးပါတယ်။ တခြား ဖရုံဂါကျွန်း ၂ ကျွန်းဖြစ်ကြတဲ့ မြေငုံကျွန်းနှင့် ပိန္နဲချောင်းကျွန်းများနဲ့ နှိုင်းယှဉ်ရင်လည်း ပညာရေးမှာ နောက်ကျကျန်ရစ်နေပါတယ်” ဟု ကျောက်စုကျေးရွာမှ ဆရာ ဦးသိန်းမောင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်ရှိ ကျွန်းကြီးများတွင် တည်ရှိသည့် ကျေးရွာများ၏ ခရီးလမ်းပန်းဆက်သွယ်ရေးမှာ အထူး ခက်ခဲပြီး ရေလမ်း တစ်ခုတည်းကိုသာ အားကိုးနေကြရသဖြင့် ကလေးငယ်များ အနေဖြင့် ကျွန်းတစ်ကျွန်းမှ တစ်ခြားကျွန်းတစ်ကျွန်းသို့ သွားရောက် ပညာသင်ကြားရန်မှာ အထူးအခက်အခဲရှိသဖြင့် ကျွန်းအလိုက် အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းများကို ဖွင့်လှစ်ပေးသင့်သည်ဟု ၎င်းဆရာက ပြောကြားသည်။
“အခု လက်ရှိမှာ အလက ကျောင်းခွဲအနေနဲ့ မောက်ပြား၊ နတ်ရှင်၊ ကျောက်စုနဲ့ ဗျိုင်းသစ်ကျေးရွာတွေမှာ ချပေးထားပါတယ်။ ဒါပေမယ့် တရားဝင် အစိုးရက အလယ်တန်း အဆင့်ကျောင်းချပေးထားတာတော့ မရှိဘူး။ ဒါကြောင့် ဒီအင်္ဂါရားချိုင်ကျွန်းမှာ အစိုးရ အသိအမှတ်ပြု အလယ်တန်းကျောင်း တစ်ကျောင်းကို လိုအပ်နေပါတယ်” ဟု
ဆရာ ဦးသိန်းမောင်က ပြောဆိုသည်။
တစ်ခြား ကျွန်းများဖြစ်ကြသည့် ပိန္နဲချောင်းကျွန်းတွင် အထက ကျောင်းတစ်ကျောင်းချပေးထားပြီး မြေငုံကျွန်မှာတောင် အထက ခွဲ ၂ ကျောင်း ချပေးထားကြောင်း သိရသည်။ သို့အတွက် ရွာပေါင်း ၂၀ ခန့်ရှိသည့် အင်္ဂရားချိုင်ကျွန်းတွင်လည်း ပညာရည်မြင့်မားစေရန် အလယ်တန်းအဆင့် ကျောင်းတစ်ကျောင်း ချပေးသင့်သည်ဟု ဆိုသည်။
အင်္ဂရားချိုင်ကျွန်းရှိ ကျောက်စုကျေးရွာအတွက် အလက အဆင့် ကျောင်းချပေးရန် လျှောက်ထားဆဲဖြစ်ဖြစ်ပြီး ကျောင်းမကျသေးဟု သိရသည်။ ၎င်းအလကခွဲကျောင်းတွင်ပင် အလက အဆင့် ဆရာဆရာမ ၂ ဦးနှင့် အမက အဆင့်အတွက် ဆရာဆရာမ ၂ ဦးလစ်လပ်နေသေးသည်ဟု ဆိုသည်။
၎င်းကျွန်းတွင် ပညာရေးနောက်ကျကျန်ရစ်နေခြင်းမှာ အစိုးရ တာဝန်ရှိသူများမှ အားပေးအားမြှောက် မရှိမှု၊ ဆရာဆရာမများက ကျောင်းဖွင့်ချိန်တွင် စာမှန်မှန် မပြမှု၊ ကျေးရွာသားများက ပညာရေးကို စိတ်ဝင်စားမှု နည်းပါးမှုတို့ကြောင့် ဖြစ်သည်ဟု ကျောက်စု ကျေးရွာမှ ရပ်မိရပ်ဖ ဦးမောင်ဖြူက ပြောသည်။
ယခုလက်ရှိတွင် ကျေးရွာအများစု၌ ပညာရေးကို လိုလားပြီး သားသမီးများကို စာဆက်လက် သင်ကြားစေလိုသော မိဘများအနေဖြင့် အငှားကျောင်းဆရာများထံ အပ်နှံခြင်းနှင့် အထကအဆင့်ထိ ပညာသင်ကြားနိုင်သော ပိန္နဲချောင်းကျွန်းရှိ ဖဒူကျေးရွာနှင့် ကျောက်တောင်ကျေးရွာများသို့ ပို့၍ ပညာကို ဆက်လက် သင်ကြားနေကြရသည်ဟု လေ့လာသိရှိရသည်။







