အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်နိုင်ရန် ALP နှင့် ANP ဆွေးနွေး

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်နိုင်ရန် ALP နှင့် ANP ဆွေးနွေး
by -
နိရဥ္စရာ
ရခိုင်အမျိုးသားကို ကိုယ်စားပြု၍ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်နိုင်ရန် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် ရခိုင်အမျိုးသားပါတီ (ANP) မှ ခေါင်းဆောင်တို့သည် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့က စစ်တွေတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု သတင်းရရှိသည်။

ယင်းဆွေးနွေးပွဲကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီဘက်မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စောမြရာဇာလင်းက ဦးဆောင်၍လည်းကောင်း၊ ရခိုင်အမျိုးသားပါတီဘက်မှ ဒုတိယဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ဦးဆောင်၍ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရခိုင်အမျိုးသားပါတီ ဌာနချုပ်ရုံးတွင် ပြုလုပ်ခဲ့ကြသည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင်လည်းဖြစ်၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့၏ ဒုခေါင်းဆောင်လည်းဖြစ်သူ စောမြရာဇာလင်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“အဓိက ဆွေးနွေးခဲ့ကြတာကတော့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီနဲ့ ရခိုင်အမျိုးသားပါတီက ဦးဆောင်ပြီးတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ပြုလုပ်နိုင်ဖို့အတွက် ဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီတစ်ရပ်ကို ဘယ်လိုဖွဲ့စည်းနိုင်မလဲဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်”ဟု ဆိုသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီအနေဖြင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ရခိုင် အမျိုးသားပါတီနှင့် ယခုအကြိမ်ဆွေးနွေးမှုသည် တရားဝင်အနေဖြင့် ဒုတိယအကြိမ်မြောက် ဆွေးနွေးခြင်း ဖြစ်သည်ဟု ဆိုသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ အနေဖြင့် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့တွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဆွေးနွေးသွားမည်ဟု သိရသည်။

ဖေဖေါ်ဝါရီလ ၆ ရက်နေ့တွင်ပြုလုပ်သော UPDJC အစည်းအဝေးတွင် ရခိုင်အမျိုးသားနှင့် ချင်းအမျိုးသားတို့ကို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပခွင့်မပြုသေးဟု ဆိုထားသော်လည်း ချင်းအမျိုးသားအတွက် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က ခွင့်ပြုလိုက်ပြီဖြစ်သည်။

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ အနေဖြင့်လည်း ရခိုင်အမျိုးသားအတွက် အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပနိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု စောမြရာဇာလင်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲကို နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အပြင် ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ လူထုကို ကိုယ်စားပြုသော ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်းကိုယ်စားလှယ် ၅၀၀ ခန့်ဖြင့် ကျင်းပသွားမည်ဟု ဒေါ်စောမြရာဇာလင်းက ပြောဆိုသည်။

“ရခိုင်ပြည်လွတ်မြောက်ရေးပါတီအနေနဲ့ ရခိုင်ပြည်သူပြည်သားတွေနဲ့ ညှိနှိုင်းဖို့ ကြိုးစားနေတာတွေကတော့ ဖက်ဒရယ်စနစ်ကို တည်ဆောက်တဲ့အချိန်အခါမှာ ဘယ်လိုမူနဲ့သွားမှာလဲဆိုတာတွေရယ်၊ ကျွန်မတို့ပါတီအနေနဲ့ ဆွေးနွေးညှိနှိုင်းပြင်ဆင်ထားတာတွေကို ပြည်သူတွေကို ချပြဖို့ရယ်၊ နောက်ပြီးတော့ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနဲ့ လုံခြံုရေး ကဏ္ဍတွေကိုလည်း ပြည်သူလူထုနဲ့ ညှိနှိုင်းမှုတွေကို အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်”ဟု သူမက ပြောသည်။

ယနေ့ဆွေးနွေးပွဲ အခြေအနေနှင့်ပတ်သက်၍ သိရှိနိုင်ရန် ရခိုင်အမျိုးသားပါတီမှ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးကို နိရဥ္စရာက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကို လက်ခံဖြေဆိုခဲ့ခြင်းမရှိပါ။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီသည် မြန်မာနိုင်ငံတွင် အပစ် ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးထားသော အဖွဲ့ ၈ ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သည်။

Most read this week

January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...