“ ဒီလ ၁၂ ရက်နေ့က ရခိုင်ပြည်နယ် ၀န်ကြီးချုပ် သံတွဲကို ဒွာရဝတီ ခန်းမကို ဖွင့်ဖို့ ရောက်ပါတယ်။ ရပ်သူ ရွာသားတွေက ၀န်ကြီးချုပ်နဲ့ သံတွဲ လေယာဉ်ကွင်းမှာတွေ့ဆုံပြီး တိုင်ကြားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်က ကတည်းက စတည်ဆောက်တဲ့ ဆည် ဒီကနေ့ထိ ရေမရပါဘူး။ နောင်လာမယ့် နှစ်မှာလည်း ရေမရမှာကို ရွာသားတွေက စိုးရိမ်နေပါတယ်။ ဒီအတွက် ဒီတစ်ဘက်ပိတ်ဆည်ကို စစ်ဆေးပေးဖို့ ရွာသားတွေက ၀န်ကြီးချုပ်ကို တောင်းဆို ခဲ့ပါတယ်” ဟု နန်းချောင်းကျေးရွာနေ ဦးအောင်သန်းမြင့်က ပြောသည်။
၎င်းတစ်ဘက်ပိတ် ရေလှောင်ဆည်ကို နန်းချောင်း အုပ်စုနေ ပြည်သူများမှ မြေအတွက် လျော်ကြေးပေးရန် ထည့်ဝင်ငွေ ကျပ်သိန်း၅၀ ၊ ဆည်တည်ဆောက်ရန် ပြည်နယ် အစိုးရရန်ပုံငွေမှ ထည့်ဝင်ငွေသိန်း ၁၉၀၀၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးမြင့်နိုင်မှ မြေလျော်ကြေးအတွက် ကျပ်သိန်း ၁၅၀ ထည့်ဝင်ပြီး ၂၀၁၅ မတ်လမှ စတင်ကာ ပြည့်ဖြိုးသန္တာကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းဆည်ကို ၂၀၁၅ ဧပြီလတွင် အပြီး သတ်တည်ဆောက်ခဲ့ကြောင်း၊ သို့သော်လည်း မိုးရောက်သောအခါ ရေများယိုစိမ့်သဖြင့် ဆည်တွင် ရေမတင်ဘဲ ဖြစ်ခဲ့ကြောင်း၊ သို့အတွက် သက်ဆိုင်ရာ ပြည်နယ် တာဝန်ရှိသူများသို့ တိုင်ကြားခဲ့ကြောင်း၊ ဆည်လုပ်ငန်းကို ကျွမ်းကျင်သည့် ပြည်နယ်အစိုးရအဖွဲ့မှ ဦးရွှေဘော်နှင့် အဖွဲ့ ကွင်းဆင်းပြီး လာရောက် စစ် ဆေးခဲ့ကြောင်း၊ စစ်ဆေးသည့် အခါ ရေယို ပေါက် ၃၂ ပေါက်တွေ့ရှိခဲ့ကြောင်း၊ လုံခြံု စိတ်ချရသည့် အခြေ အနေ ရောက် သည့်တိုင် ပြန်လည် ပြု လုပ် ပေးရန် ကုပ္ပဏီနှင့် ဂတိပြု စာချုပ် ချုပ်ဆိုပြီး လက်မှတ် ရေးထိုးခဲ့ကြောင်း၊ သို့သော်လည်း ၂၀၁၇ တက်လာသည်အထိ ရေမရဘဲ ဖြစ်နေကြောင်း ဦးအောင်သန်းမြင့်က ပြောကြားသည်။
“ ဒီဆည်ကို ရွာသားတွေက ရေလိုချင်တဲ့ အတွက် တစ်ဧကကို ကျပ်သိန်း ၁၀၀ ပေးပြီး လယ်ဧက ၅ ဒသမ ၅၀ပေါ်မှာ တည်ဆောက်နေတာပါ။ နန်းချောင်း- အထက်ရွာ၊ အောက်ရွာ ၊ သုံးပင်ဆိုင်၊ နန်းရာကုန်းစတဲ့ ရွာတွေမှာ ရေရှားတဲ့ အတွက် ရေအထူးလိုအပ်နေတာကြောင့် ဒီဆည်ကို တည်ဆောက်တာပါ။ အခု သုံးနှစ်ရှိပြီ ရေမရှိသေးပါဘူး။ ကျွန်တော်တို့ကတော့ လုံုခြံုစိတ်ချ ခိုင်ခန့်တဲ့ ဆည်တစ်ခု ဖြစ်စေချင်ပါတယ်။ အခုရွာမှာလည်း ရေရှားနေပါပြီ။ ဒါကြောင့် နောင်နှစ်မှာ ဒီလို ရေရှားတဲ့ အခက်အခဲကို မလိုချင်တော့ပါ” ဟု နန်းချောင်းကျေးရွအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်မင်းက ပြောသည်။
အဆိုပါ ဆည်ကိစ္စနှင့် ပတ်သက်ပြီး ပြည့်ဖြိုးသန္တာကုမ္ပဏီ တာဝန်ယူ ဦးအောင်ကျော်ဝင်းကို နိရဥ္စရာမှ ဆက်သွယ် မေးမြန်းရာ သူက “ ကျွန်တော်တို့ ကုမ္ပဏီက ပြည်နယ် အစိုးရနဲ့ တွေ့ဆုံဆွေးနွေးထားပြီးပါပြီ။ စာချုပ်လည်း ချုပ်ဆိုပြီးပါပြီ။ အခု ပြန်လည်တည်ဆောက်ရေးတွေကို လုပ်နေပါတယ်။ အခု ယိုစိမ့်တဲ့နေရာတွေကို ပြန်လည် တည်ဆောက်နေပါပြီ။ နောက်လမှာ ပြီးစီးမှာ ဖြစ်ပါတယ်။ နောက်လမှာ အပ်နှံနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။
ယခုနောက်ဆုံး ရရှိသော သတင်းအရ သံတွဲမြို့နယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ရွှေအေး နှင့် အဖွဲ့သည် ၎င်းဆည်ကို စစ်ဆေးရန် ရောက်ရှိနေကြောင်း သိရသည်။







