ဓညဝတီမြို့ဟောင်းအနီး တောင်ကုန်းပေါ်မှ ရှေးဟောင်း ရွှေပြားများတွေ့ရှိပြီးနောက် သက်ဆိုင်ရာမှ သွားရောက်စစ်ဆေး

ဓညဝတီမြို့ဟောင်းအနီး တောင်ကုန်းပေါ်မှ ရှေးဟောင်း ရွှေပြားများတွေ့ရှိပြီးနောက် သက်ဆိုင်ရာမှ သွားရောက်စစ်ဆေး
by -
နိရဥ္စရာ
 နောက်ဆုံးတွေ့ရှိရသော ရွှေပြား ၅ ပြား၊ (ဓာတ်ပုံ- ထွန်းနိုင် နှင့် Mrauk U Kingdom)
နောက်ဆုံးတွေ့ရှိရသော ရွှေပြား ၅ ပြား၊ (ဓာတ်ပုံ- ထွန်းနိုင် နှင့် Mrauk U Kingdom)
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် စေတီတောင် ကျေးရွာမှ ရွာသား ၄ ဦးရရှိခဲ့သော ရှေးဟောင်း ရွှေပြားများနှင့် ပတ်သက်ပြီး အခုအခါ ရှေး/သုမှ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ သမိုင်းသုတေသီများ၊ လူမှု အဖွဲ့အစည်းများမှ တာဝန်ရှိသူများ သွားရောက် စစ်ဆေးနေပြီ ဖြစ်ကြောင်း သိရသည်။

ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့သူမြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်အား နိရဥ္စရာက ဆက်သွယ်မေးမြန်းရာ ရှေးဟောင်း ရွှေထည်ပစ္စည်းများကို ရရှိထားခြင်းမှာ ဟုတ်မှန်ပြီး လက်ရှိ အရှည် ၄ လက်မ၊ ဗြက် အကျယ် ၂ လက်မ ရှိသော ရွှေပြား ၅ ပြားကို တွေ့ရှိခဲ့ရကြောင်း ပြောကြားသည်။

“ ကျွန်တော်ကိုယ်တိုင်ဒီကနေ အဲဒီရွာကို သွားပြီး စစ်ဆေးတော့ ရွှေပြား ၅ ပြားကို ထုတ်ပြတယ်။ ၂ ပြားက ရွှေကြမ်းဖြစ်တယ်။ နောက်သုံးပြားက မီးခံတယ်။ ရွှေအစစ်ဖြစ်ပါတယ်။ ကျန်တဲ့ ရွှေတွေကတော့ ရောင်းထားပြီးပြီလို့ ဆိုတယ်။ အခုတွေ့ရတဲ့ ရွှေတွေကတော့ ဒီအတိုင်း အပြား ဖြစ်တဲ့ အတွက် စလွယ်လား၊ ဘယ်လို ရှေးဟောင်း ပစ္စည်းလည်းဆိုတာ မသိရသေးဘူး။ ကာယကံရှင်တွေကို ပြောမှဘဲ သိရမယ်။ အခု သူတို့ပြောတာ ဒီ ရွှေပြား ၅ ပြားဘဲ ရှိတော့တယ်လို့ ပြောပါတယ်” ဟု ဦးထွန်းသာစိန်က ပြောသည်။

၎င်းရွှေပြားများကို မြောက်ဦးမြောက်ဘက် ဓညဝတီမြို့ဟောင်း အနီးတည်ရှိသော စေတီတောင်ကျေးရွာမှ ကျော်ကျော်လိူင်၊ ထွန်းသိန်းလိူင်၊ မောင်အောင်သာနှင့် မောင်စိုးတို့သည် ဦးဂေါက်ရအောင်တွင် ပျောက်ဆုံးနေသော နွားကို လွန်ခဲ့သော တော်သလင်း လပြည့်နေ့က လိုက်ရှာရာမှ ရွာအနီးရှိ တောင်ကုန်းမှ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းရွှေအိုးထည့်ထားသော အိုးကို မြေကြီးပေါ်မှ ထိုးထွက်နေသည်ကို မြင်ရသဖြင့် အစပိုင်း ၎င်းနွားရှာသူ ၄ ဦးမှ ဗုံးဟုထင်ကာ ကျောက်ခဲနှင့် ထုကြောင်း၊ သို့သော် မကွဲသဖြင့် သွားရောက် ဖော်ယူရာ အိုးတစ်လုံးကို တွေ့ကြောင်း၊ ၎င်းအိုးကို ခွဲလိုက်ရာ အထဲမှ ရွှေပြားများကိုတွေ့ကြောင်း၊ ၎င်းရွှေများကို စေတီတောင်ရွာသို့ ယူဆောင်လာခဲ့ပြီး ကျော်ကျော်လိူင်အိမ်တွင် တစ်ညထားကြောင်း၊ နောက်တစ်နေ့တွင် ၎င်းရွှေများကို ထုခွဲရောင်းချခဲ့ကြောင်း ဦးထွန်းသာစိန်မှ စစ်ဆေးတွေ့ရှိချက်ကို ပြောပြသည်။

“ သူတို့ပြောတာက ရွှေတွေကို သရက်တစ်ပင်က ဇဗ္ဗူထွန်းရွှေဆိုင်မှာရောင်းတာ ကျပ်သိန်း ၃၀ ရခဲ့တယ်လို့ ပြောပါတယ်။ အဲဒီအထဲက ၆ သိန်းကို နွားကို ရှာတဲ့ အတွက်ရတာကြောင့် နွားပိုင်ရှင် ဂေါက်ရအောင်ကို ပေးတယ်လို့ ပြောတယ်။ ကျန်တာတော သူတို့ ခွဲဝေ ယူကြတာပေါ့။ အဲဒီတော့ ကျော်ကျော်လိူင်ရဲ့ ယောက္ခမဖြစ်သူ ဦးလှထွန်းဦးက နွားကိုရှာတဲ့ အခါ သူ့အိမ်က ခွေးပါသွားတဲ့ အတွက် သူ့ကို တစ်ကျပ်ပေးရမယ်လို့ တောင်းတော့ မပေးဘူးလို့ ငြင်းတဲ့ အတွက် ရှေး/သုကို သွားတိုင်တယ်။ အဲဒီက စပြီး ဒီသတင်း ပေါက်ကြားသွားတာ ဖြစ်ပါတယ်” ဟု ဦးထွန်းသာစိန်က ပြောသည်။

ရရှိခဲ့သော ရွှေထည် ပစ္စည်းများနှင့် ပတ်သက်ပြီး ဦးကျော်ကျော်လိူင်အိမ်တွင် တစ်ညထားစဉ် သွားရောက်ကြည့်ရှုခဲ့သူ ဦးကျော်ကျော်လိူင်၏ ဇနီး ရီရီသန့်၏ မိခင် ဖြစ်သူ ဒေါ်ဦးမျှသန်း ( ဦးလှထွန်းဦး၏ ဇနီး) ပြောကြားချက်နှင့် ရွှေရထားသူများ၏ ပြောကြားချက်မှာ ကွဲလွဲမှုများ ရှိနေသဖြင့် အသေအချာ စစ်ဆေးမေးမြန်းပြီးမှ သိရှိရမည်ဟု ဆိုသည်။

ရှေးဟောင်း ချစ်သူများ အသင်းမှ ဦးသန်းမြင့်အား ဆက်သွယ်မေးမြန်းရာ “ ကျွန်တော်တို့သွားကြည့်ခဲ့ပါတယ်။ ရွှေပြား ၅ ပြားဖြစ်ပါတယ်။ အပြင်မှာတော့ စလွယ်ဆိုပြီး သတင်းထွက်နေတယ်။ ဒါပေမယ့် တွေ့တဲ့ ပစ္စည်းက ဘာမှ လက်ရာ မပါဘဲ အပြား ဖြစ်နေတာကို တွေ့ရပါတယ်။ အသေးစိတ် စစ်ဆေးပြီးမှ ဘယ်လို ပစ္စည်း ဖြစ်တယ်ဆိုတာကို သိရမှာပါ” ဟု ပြောဆိုသည်။

မြောက်ဦးရှေး/သုမှ ဦးညိမ်းလွှင်အား ဆက်သွယ်မေးမြန်းရာ ရှေးဟောင်း ပစ္စည်းများ တွေ့ရှိခြင်းမှာ ဟုတ်မှန်ကြောင်း ၊ ရှေး/သု မှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးနေတုန်း ဖြစ်၍ ပြန်ရောက်လာမှ သိရှိရမည် ဖြစ်ကြောင်း ပြောကြားသည်။

Most read this week

January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...