အဆိုပါ ၉ ဦး အနက် ၃ ဦးကို ဇန်နဝါရီလ ၂၇ ရက်နေ့ကလည်းကောင်း၊ ကျန် ၆ ဦးကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကလည်းကောင်း အရက်သောက်နေစဉ် ရဲက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ယင်း ၉ ဦးထဲမှ မနေ့ညက ဖမ်းဆီးခံရသူ လူငယ် ၆ ဦးကို စစ်တွေမြို့ အမှတ် ၁ ရဲစခန်း ခစန်းမှူး ဒုရဲမှူး ရန်နိုင်လတ်က မနေ့ညက ရဲစခန်းတွင် မီဒီယာရှေ့၌ ပညာပေး ပြောပြခဲ့သည်။
“ဒီရှုခင်းသာ ကမ်းနားလမ်းဟာ အများ အပန်းဖြေ အနားယူတဲ့ နေရာဖြစ်တယ်။ မိသားစုတွေ လမ်းလျှောက်တဲ့ နေရာလည်းဖြစ်တယ်။ စစ်တွေကို ရောက်ရင် နိုင်ငံတော်အကြီးအကဲတွေနဲ့ နိုင်ငံခြားသားတွေလည်း ဒီအထင်ကရ နေရာကို လာကြည့်ကြတယ်။ ဒီနေရာမှာ အရက်သောက်လို့ မသင့်တော်ဘူး။ ဒီနေရာမှာ အရက်သောက်ခြင်း မပြုလုပ်ဖို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဌာနက အမိန့် ထုတ်ပြန်ထားပြီးဖြစ်တယ်။ ဒီထုတ်ပြန်ထားတဲ့ တည်ဆဲ ဥပဒေကို မလိုက်နာတဲ့အတွက် ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ အရေးယူသွားမှာ ဖြစ်တယ်”ဟု စခန်းမှူးက ပြောသည်။
ယင်းအပြင် စခန်းမှူးက စစ်တွေမြို့တွင်း လမ်းပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အသံချဲ့စက် ကျယ်လောင်စွာ ဖွင့်သည်ကို အရေးယူလာခဲ့ရာ ၉၅ ရာခိုင်နှုန်းထိ အောင်မြင်နေပြီဖြစ်ကြောင်း၊ စစ်တွေမြို့သားများအနေဖြင့် Super Sunday လုပ်လိုလျှင် မြို့တွင်းလမ်းပေါ်တွင် အသံချဲ့စက်မဖွင့်ဘဲ အပန်းဖြေနေရာသို့ ရောက်ပြီးမှ အသံချဲ့စက် ဖွင့်ခြင်းကို ရဲက ခွင့်ပြုကြောင်း၊ မြို့တွင်းလမ်းပေါ် အသံချဲ့စက်များဖွင့်ခြင်းကို အရေးယူရခြင်းမှာ မြို့သူမြို့သားများမှ အနှောင့်အယှက် ဖြစ်၍ တိုင်ကြားခြင်းကြောင့် ဖြစ်သည်ဟု ရှင်းပြခဲ့သည်။
“အခုလိုမျိုးရဲက အသံချဲ့စက်ဖွင့်တာကို တားမြစ်တာရယ်၊ ရှုခင်းသာလမ်းမှာ အရက်သေစာ သောက်စားခြင်းကို ဖမ်းဆီးအရေးယူရတာဟာ စစ်တွေမြို့ ကျက်သရေရှိရေးအတွက် ဖြစ်တယ်။ ဒီဟာတွေ အောင်မြင်ဖို့အတွက် ရဲနဲ့ အထွေထွေအုပ်ချုပ်ရေးဌာနကရော၊ ငါ့ညီတို့ အပါအဝင် ပြည်သူလူထုကရော ၀ိုင်းဝန်း လုပ်ဆောင်ကြမှ အောင်မြင်မှာ ဖြစ်ပါတယ်”ဟု စခန်းမှူးက ပညာပေး ပြောကြားခဲ့သည်။
ရှုခင်းသာ ကမ်းနားလမ်းတွင် အရက်သေစာ သောက်စားမှုဖြင့် ဖမ်းဆီးထားသူများကို စစ်တွေမြို့ အထွေထွေအုပ်ချုပ်ရေးမှူးက တရားလိုလုပ်၍ စစ်တွေမြို့နယ် တရားရုံးတွင် ဖေဖေါ်ဝါရီလ ၃ ရက်နေ့၌ ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုသွားမည်ဟု သိရသည်။
ရှုခင်းသာ ကမ်းနားလမ်းတလျှောက် အရက်သေစာ မသောက်စားရ နယ်မြေအဖြစ် သတ်မှတ်ထားသော နယ်မြေမှာ စစ်တွေမြို့ စာတိုက်ကြီးရှေ့မှ ပွိုင့်အထိဖြစ်သည်ဟု အမှတ် ၁ ရဲစခန်းမှ တာဝန်ရှိသူများ ပြောကြားချက်အရ သိရှိရသည်။







