ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်ဟုဆိုကာ ရခိုင်ပြည်နယ်လွှတ်တော်က တစ်မြို့နယ်လျှင် ကျပ်သိန်း ၅ဝ ပေး

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်ဟုဆိုကာ ရခိုင်ပြည်နယ်လွှတ်တော်က တစ်မြို့နယ်လျှင် ကျပ်သိန်း ၅ဝ ပေး
by -
နိရဥ္စရာ
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် အတွက်ဟုဆိုကာ ရခိုင်ပြည်နယ်လွှတ်တော်က တစ်မြို့နယ်လျှင် ကျပ်သိန်း ၅ဝ စီ ထောက်ပံ့ပေးနေသည်ဟု လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစံကျော်လှနှင့် ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးဘိုးမင်းတို့က လွှတ်တော် ကိုယ်စားလှယ် များထံသို့ ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေပိုင်းတွင် လွှတ်တော်ဥက္ကဋ္ဌရုံးခန်း၌ ၎င်းငွေများပို လွဲပြောင်း ပေးအပ်ခဲ့သည်ဟုသိရသည်။

“ဒီလောက် ငွေကြေးလောက်နဲ့ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ဖို့ဆိုတာက နှမ်းတစ်စေ့နဲ့ ဆီဖြစ်လာမှာတော့ မဟုတ်ပါဘူး။ ဟာသတစ်ခုလို့ပဲ ကျနော် မြင်ပါတယ်”ဟု ဘူးသီးတောင်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက သူ့အမြင်ကို နိရဥ္စရာသို့ပြောသည်။

ပြည်ထောင်စုလွှတ်တော်ကချပေးထားသည့်ပြည်နယ်လွှတ်တော်အသုံးစရိတ်တွင် ပိုလျှံနေသည့်ငွေများကို ယခုကဲ့သို့ ခွဲဝေပေးအပ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

“သိန်း ၅ဝ တည်းနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် တစ်ခုမှ ဆောင်ရွက်လို့ရမှာမဟုတ်ပါဘူး။ နောက်ပြီး မဲဆန္ဒနယ်တစ်ခုမှာ အမှတ်(၁)မဲဆန္ဒနယ်နဲ့ အမှတ်(၂)မဲဆန္ဒနယ်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်နှစ်ယောက်စီရှိတော့ တစ်ယောက်စီကို ၂၅ သိန်းပဲ ရမှာပါ။ ဒါပေမယ့် ဒီပိုက်ဆံကိုတော့ ကျနော်တို့မဲဆန္ဒနယ်မှာ လုံးဝလိုအပ်တဲ့နေရာတစ်ခုခုကိုရှာပြီးတော့ အထောက်အကူဖြစ်အောင် သုံးစွဲသွားဖို့ ကျနော် စဉ်းစားထားပါတယ်”ဟု ကျောက်ဖြူမဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်က နိရဥ္စရာသို့ ပြောသည်။

လက်ရှိတွင် ခရီးလွန်နေသည့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တချို့က အဆိုပါထောက်ပံ့ငွေများကို လက်ခံ ရယူနိုင်ခြင်းမရှိသေးဟုလည်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...