စစ်တွေမြို့ ကုလားတန် ဆိပ်ကမ်းကို မတ်လတွင် မြန်မာအစိုးရ လက်ထဲသို့ လွှဲပြောင်း ပေးသွားမည်

စစ်တွေမြို့ ကုလားတန် ဆိပ်ကမ်းကို မတ်လတွင် မြန်မာအစိုးရ လက်ထဲသို့ လွှဲပြောင်း ပေးသွားမည်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကုလားတန် ဆိပ်ကမ်းစီမံကိန်းသည် ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်၍ အဆိုပါဆိပ်ကမ်းကို အိန္ဒိယ အစိုးရက မြန်မာအစိုးရလက်ထဲသို့ မတ်လ ဒုတိအပတ်တွင် ဖွင့်ပွဲအခမ်းအနားဖြင့် တရားလွှဲပြောင်း ပေးအပ်သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်က ပြောသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ နေ့လယ်ပိုင်းက စစ်တွေမြို့ရှိ ကုလားတန်ဆိပ်ကမ်း ၀င်းအတွင်း အဆောက်အအုံတွင် အိန္ဒိယသံအမတ်နှင့် စစ်တွေမြို့မိမြို့ဖ အဟောင်း အသစ်၊ ရခိုင်ပြည်နယ်မှ စီးပွားရေး လုပ်ငန်းရှင် တစ်ချို့နှင့် လူငယ်အဖွဲ့အစည်းတစ်ချို့တို့ တွေ့ဆုံသော ဆွေးနွေးပွဲတွင် အိန္ဒိယ သံအမတ် Mr Shri Vikram Misri က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အိန္ဒိယက တာဝန်ယူတည်ဆောက်ထားသည် စစ်တွေဆိပ်ကမ်းသည် တန်ချိန် ၂ သောင်းထိ တင်ဆောင်နိုင်သော သင်္ဘောများ ဆိုက်ကပ်နိုင်မည်ဖြစ်ပြီး၊ စစ်တွေနှင့် ပလက်ဝအကြား မြစ်ကြောင်းတွင် တန်ချိန် ၃ ထောင်မှ ၄ ထောင်အထိ တင်ဆောင်နိုင်သော သင်္ဘောများ ပြေးဆွဲနိုင်မည်ဖြစ်သည်။

“ဒီဆိပ်ကမ်း စီမံကိန်းဟာ အိန္ဒိယနဲ့ ရခိုင်ပြည်သူတို့ နှလုံးသားချင်း ဆက်စပ်ထားတဲ့ စီမံကိန်းတစ်ခုဖြစ်တယ်။ တစ်ချိန်က ရခိုင်ပြည်ဟာ ဒီစစ်တွေဆိပ်ကမ်းနဲ့ အိန္ဒိယမှာရှိတဲ့ ကာလကတ္တား ဆိပ်ကမ်းတို့ကို အသုံးချပြီး ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့တဲ့အတွက် တိုးတက်ခဲ့ပါတယ်။ အခုလည်း ရခိုင်ပြည်သူတွေအနေနဲ့ အဲ့ဒီအခွင့်အလမ်းကို မကြာမီ ပြန်ပြီး အသုံးချနိုင်တော့မှာ ဖြစ်ပါတယ်”ဟု အိန္ဒိယ သံအမတ်က ပြောသည်။

ယင်းဆိပ်ကမ်းကို အမှီပြု၍ ရခိုင်ပြည်နယ်မှ ထွက်ရှိသော ရေထွက်ပစ္စည်းနှင့် စိုက်ပျိုးရေးလုပ်ငန်းမှ ထွက်ရှိသော ကုန်ပစ္စည်းများကို အိန္ဒိယ နိုင်ငံအထိသာမက အခြားပြင်ပ နိုင်ငံများကို တင်ပို့နိုင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်မှ လုပ်ငန်းရှင်များလည်း အဆိုပါ ဆိပ်ကမ်းကို အသုံးပြုခွင့်ရမည်ဟု ဆိုသည်။

ယင်းဆိပ်ကမ်းကို ဖွင့်လှစ်ပြီးပါက ရန်ကုန်ရှိ အိန္ဒိယ ကုမ္ပဏီများအနေဖြင့် ဆိပ်ကမ်းကို လေ့လာရန် ရောက်ရှိလာမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများလည်း ပြုလုပ်လာမည်ဖြစ်သည်။

“အိန္ဒိယအစိုးရအနေနဲ့ ယခုတည်ဆောက်ထားတဲ့ ဆိပ်ကမ်း စီမံကိန်းဟာ အခြားအစိုးရက တည်ဆောက်ထားတဲ့ စီမံကိန်းတွေနဲ့ ကွဲပြားပါတယ်။ အိန္ဒိယအနေနဲ့ ရခိုင်ဒေသခံပြည်သူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် အဓိကရည်ရွယ်ပြီးလုပ်တာဖြစ်ပါတယ်။ အိန္ဒိယ အစိုးရအတွက်၊ ဒါမှမဟုတ် အိန္ဒိယ ကုမ္ပဏီတစ်ခုခု အကျိုးရလဒ်အတွက် မျှော်ကိုးပြီး လုပ်တာ မဟုတ်ပါဘူး။ ဒီစီမံကိန်းဟာ စီးပွားရေး ကုန်သွယ်ရေး ဆိုတာထက် အိန္ဒိယပြည်သူတွေနဲ့ ရခိုင်ပြည်သူတွေအကြား နှလုံးသားချင်း ချိတ်ဆက်ဆောင်ရွက်မယ့် စီမံကိန်းဖြစ်ပါတယ်”ဟု အိန္ဒိယ သံအမတ်က ပြောသည်။

အဆိုပါ ဆိပ်ကမ်းကို မတ်လတွင် ဖွင့်ပွဲဖြင့် မြန်မာအစိုးရ လက်ထဲသို့ လွှဲအပ်ပြီးနောက်ပိုင်း မြန်မာဆိပ်ကမ်း အာဏာပိုင်များအနေဖြင့် ဆိပ်ကမ်းတွင် အသုံးပြုသော ကရိန်းနှင့် အခြားပစ္စည်းနှင့် နည်းပညာများကို အသုံးပြုနိုင်အောင် သင်တန်းပေးပြီး ဆိပ်ကမ်းကို အသုံးပြုနိုင်သော အဆင့်ရောက်မှ လုပ်ငန်းများကို လွှဲပြောင်း ပေးအပ်သွားမည်ဟု သိရသည်။

Most read this week

January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...