ကျင်းပခဲ့သော မြို့များမှာ မြောက်ဦး၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ တောင်ကုတ်နှင့် ရသေ့တောင်မြို့တို့တွင် ဖြစ်သည်။
စစ်တွေမြို့ကျင်းပပြုလုပ်သော အခမ်းအနားကို မင်းဂံရပ်ကွက်တွင် မဟာနွယ် စည်တော်ဝိုင်းက ဦးဆောင် တာဝန်ယူ ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအခမ်းအနားတွင် ဆရာလွမ်းပြေအောင်၊ အဖိုးစံ (စစ်တွေ) (ဆရာကျော်ဇံမောင်) နှင့် သားလှ (ရသေ့တောင်) တို့က ဟောပြောခဲ့ကြသည်။
“ပြာသိုလဆုတ် ရ ရက်နေ့မှာ မြောက်ဦးမြို့တော် အသိမ်းခံရတယ်ဆိုတာ ရခိုင်အချုပ်အခြာအာဏာကျတာ မဟုတ်ဘူး။ မြို့ကျတာပဲဖြစ်တယ်။ အချုပ်အခြာအာဏာဟာ ဘုရင့်ဆီမှာပဲရှိတယ်။ ဘုရင်က ပြန်သိမ်းနိုင်ခဲ့ရင် ရခိုင်အချုပ်အခြာအာဏာ ကျဆုံးခဲ့မှာ မဟုတ်ဘူး။ ဒါကြောင့်မို့ ကျွန်းသာယာမှာ ရခိုင်ဘုရင် မဟာသမ္မတရာဇာ အဖမ်းခံရတဲ့ ပြာသိုလကွယ်နေ့ကို အချုပ်အခြာအာဏာ ကျဆုံးတဲ့နေ့အဖြစ် သတ်မှတ် ကျင်းပတာဟာ အသင့်တော်ဆုံးဖြစ်တဲ့ အတွက် ပြာသိုလကွယ်နေ့မှာ ဒီအခမ်းအနားကို ကျင်းပရတာ ဖြစ်ပါတယ်”ဟု ဆရာ လွမ်းပြေအောင်က ပြောသည်။
ရသေ့တောင်မြို့တွင် ၂၃၂ နှစ်မြောက် ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အချာအာဏာကျဆုံးနေ့ အခမ်းအနားကို မေယုရင်သွီး လူမှုကူ ညီရေးအသင်းက ဦးဆောင်ကျင်းပခဲ့သည်။
၎င်းအခမ်းအနားကို ရသေ့တောင်မြို့ စေတီယင်္ဃဏ ကျောင်းတိုက်ဝင်း ဓမ္မာရုံမှာ ကျင်းပပြုရာ ရခိုင်အမျိူးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်နှင့် ရခိုင်စာပီ/အမျိူ းသားအမွီအနှစ်များ ထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်ဇော်ထွန်း (သုတေသီ ခိုင်မော်ကွန်း ) ရို့ တက်ရောက် ဟောပြောခဲ့ကြောင်း သိရသည်။
မာန်အောင်တွင် ကျင်းပသော အခမ်းအနားကို မာန်အောင်မြို့နယ်လုံးဆိုင်ရာ လူငယ်အစည်းအရုံးက ဦးဆောင်ကျင်းပခဲ့ပြီး စာပေဟောပြောပွဲကိုပါ ထည့်သွင်းကျင်းပခဲ့ရာ ဆရာမ ပံသုခင်(ရခိုင်ပြည်)နှင့် ဆရာ ဝေဟင်အောင်တို့က ဟောပြောခဲ့ကြသည်။
ရခိုင်ဘုရင့်နိုင်ငံတော်အချုပ်အခြာအာဏာရှံုးနေ့ ကျောက်ဖြူမြို့နယ်၊ ဂုံးချိန်ကျေးရွာအနီးရှိ ပေါ်တော်မူ ကံ့ကော်တောဘုရားတွင် ပြာသိုလကွယ်နေ့၊ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ညနေပိုင်း၌ ကျောက်ဖြူမြို့နယ် ဂုံးချိန်ကျေးရွာဘုန်းတော်ကြီးကျောင်ဝင်းထဲတွင် စာပေဟောပြောပွဲကျင်းပခဲ့ရာ ဆရာသူမြတ် (မဟာအောင်မြေ)က အရှေ့ဘက်မှာဝင်ရေနေ၊ ဆရာဂျော်ဂျီ က အမြင်မှန်ရဖို့အချိန်တန်ဗျယ်နှင့် ရခိုင်သမိုင်းသုတေသီ အသျှင်ပညာစာရက ရခိုင်သုတ စသည့်ခေါင်းစဉ်အသီးသီးနှင့် ဟောပြောခဲ့ကြသည်။
ရခိုင်ဘုရင့်နိုင်ငံတော်အချုပ်အခြာအာဏာကျရှံုးနေ့အခမ်းအနားသို့ ကျောက်ဖြူမြို့နှင့် ကျေးရွာအသီးသီးမှ လူပေါင်း ၁၀၀၀ ခန့်တက်ရောက်ခဲ့ကြသည်။
တောင်ကုတ်မြို့နယ် တန်းလွဲရွာမကျေးရွာတွင်လည်း ၂၃၂ ရခိုင့်ဘုရင်နိုင်ငံတော် အချုပ်အချာအာဏာ ကျရှုံးနေ့ အခမ်းအနားနှင့် စာပီဟောပြောပွဲကို ကျင်းပရာ ဆရာမောင်ချယ်ရီ (ကမ်းထောင်းကြီး)၊ ဆရာ မောင်လိူင် (လမု)၊ ဆရာ ရက္ခ၊ ဆရာရွှေရအောင်တို့မှ တက်ရောက် ဟောပြောခဲ့ကြောင်း သိရသည်။ တောင်မင်းကျော်ထွီး အခမဲ့စာသင်ကျောင်းမှ ကျောင်းသား ကျောင်းသူများကလည်း ရခိုင်နိုင်ငံတော်တေးခြင်းဖြင့် သံပြိုင်သီဆိုဖွင့်လှစ်ခဲ့ပြီး လူပေါင်း ၁၀၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။







