မြောက်ဦး သမိုင်းဝင်လင်းမြွေတောင် ဆုတောင်းပြည့်ဘုရားတွင် တပ်မတော်မှ တပ်စွဲထား၍ ဘုရားဖူးသူများ အခက်တွေ့

မြောက်ဦး သမိုင်းဝင်လင်းမြွေတောင် ဆုတောင်းပြည့်ဘုရားတွင် တပ်မတော်မှ တပ်စွဲထား၍ ဘုရားဖူးသူများ အခက်တွေ့
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် တည်ရှိသော သမိုင်းဝင် လင်းမြွေတောင် ဆုတောင်းပြည့် ဘုရားတွင် တပ်မတော်မှ တပ်ခွဲတစ်ခု တပ်စွဲထားသဖြင့် ဒေသအတွင်းမှ ပြည်သူများမှာ ဘုရားဖူးရန် မသွားဝံ့ဘဲ ဖြစ်နေကြရကြောင်း သတင်း ရရှိသည်။

“ ဒီဘုရားမှာ တပ်စွဲထားတာက အေအေနဲ့ တိုက်ပွဲ ဖြစ်ပွားပြီးကတည်းကပါ။ အနည်းဆုံး ငါးလ ခြောက်လခန့်ရှိနေပါပြီ။ တပ်ရင်းကတော့ ဘယ်တပ်ရင်းဆိုတာ မသိဘူး။ မင်းပြားနဲ့ မြောက်ဦးက တပ်ရင်းတွေလို့ သိရပါတယ်။ ဒီကနေ့ ဦးဇင်းသွားတော့လဲ ဘုရားပေါ်မှာ စစ်သား ၃၀ လောက် တပ်ချထားတာကို တွေ့ခဲ့ရတယ်။ အခုလို တပ်စွဲနေတဲ့ အတွက် ဘုရားကို ဘုရားဖူးသူလည်း မလာတော့ဘူး။ ဂေါပကတွေလည်း ကြောက်ပြီး မသွားရဲကြတော့ဘူး” ဟု ၎င်းဘုရားဂေါပက အဖွဲ့ နာယက သပြီကန် ဆရာတော် ဦးကုလဝံသက နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

လင်းမြွေတောင်ဆုတောင်းပြည့် ဘုရားသည် သမိုင်းဝင် ဘုရားတစ်ဆူ ဖြစ်ပြီး မြောက်ဦးနှင့် မဟာမုနိဘုရား အကြား ရန်ကုန်-စစ်တွေ လမ်းဘေးတွင် တည်ရှိသည်။

ယခုကဲ့သို့ စစ်တပ်မှ တပ်စွဲထားသဖြင့် ဘုရားဖူးသူများ မလာရောက်ရာမှ အလှူငွေလည်း မရရှိဘဲ ဖြစ်နေပြီး ယခုနှစ် ဘုရားပွဲကိုလည်း ကျင်းပနိုင်ခြေမရှိတော့ကြောင်း ဆရာတော်က မိန့်ကြားသည်။

“ အရင်ကဆို ဘုရားဖူးလာတဲ့ အတွက် တစ်နေ့ကို လေးငါးသောင်း အလှူရတယ်။ ဒီအလှူနဲ့ဘဲ ဘုရားပွဲကျင်းပတယ်။ နှစ်စဉ် တပို့တွဲလမှာ ဘုရားပွဲကျင်းပတယ်။ ဒီနှစ်မှာ စစ်သားတွေ ရှိနေတော့ ဘယ်သူမှ ဘုရားကို မလာတော့ဘူး။ အလှူလည်း မရှိ၊ ဘုရားပွဲလည်း ကျင်းပနိုင်တော့မှာ မဟုတ်တော့ပါဘူး” ဟု ဆရာတော်က မိန့်ကြားသည်။

၎င်းပြင်ဆရာတော်က စစ်ရေး အရ ယာယီ တပ်စွဲသည်ဆိုပါက တစ်စုံတစ်ရာ နားလည်ပေးနိုင်သော်လည်း လနှင့် ချီပြီး ဘုရားပေါ်တွင် တပ်စွဲခြင်းမှာ မသင့်တော်ကြောင်း၊ စစ်တပ်ရှိလျှင် ဘုရားဖူးများ ကြောက်၍ မလာဝံ့ကြောင်း၊ သို့အတွက် တပ်မတော် အကြီးအကဲများ အနေဖြင့် ဘုရားပေါ်တွင် တပ်စွဲထားသော စစ်သားများကို တစ်ခြားနေရာသို့ ပြောင်းရွှေ့ ပေးစေလိုကြောင်း ဆရာတော်က ပြောကြားသည်။

လင်းမြွေတောင် ဆုတောင်းပြည့် ဘုရားကို ဘုရားအနီးအနားရှိ အိုးထိန်းရွာ၊ လျှာရှည်ပြင်ရွာ၊ သပြီကန် ကျေးရွာနှင့် လိပ်ထောင့်ကျေးရွာများမှ စုပေါင်း ကိုးကွယ်သော ဘုရား ဖြစ်ကြောင်းလည်း သိရှိရသည်။

April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...
ဓာတ်ပုံ- Human Rights Watch
March 31, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော် (AA) နှင့်ဖြစ်ပွားနေသည့် တိုက်ပွဲမှာ စစ်တွေအခြေစိုက်...
March 30, 2026
မောင်စာဂ — ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို အကြမ်းဖက်စစ်ကော်မရှင်လေတပ်က ယနေ့ညနေတွင်...