၎င်း အလောင်းသုံးလောင်းကို ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် အချိန်တွင် ပဒကား ကျေးရွာသစ် အနောက်ဘက် မီတာ ၅၀၀ ခန့်အကွာ၌ မြေမြှပ်၍ တွေ့ရှိရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးမှလည်း သတင်းထုတ်ပြန်ထားသည်။
“ ဒီအလောင်းတွေက သားဖ သုံးဦးရဲ့ အလောင်းလို့ သိရတယ်။ ရွာအနီးက ဟင်းခင်းမှာ အလုပ်လုပ်နေစဉ် ဆွဲခေါ်ပြီး အသတ်ခံရတယ်လို့ သိရတယ်။ သမီးဖြစ်သူက ဟင်းခင်းထဲကနေ ဒရွတ်တိုက်ဆွဲသွားရာ လမ်းကြောင်းအတိုင်း လိုက်သွားပြီး ရှာတော့ သူရဲ့ဖခင်ကို မြှပ်ထားတဲ့နေရာကိုတွေ့ရတယ်။ ဒါနဲ့ နယ်ခြားစောင့်ရဲကို ဖုန်းဆက် အကြောင်းကြားတယ်။ နယ်ခြားစောင့်ရဲက လိုက်သွားတော့ အလောင်းသုံးလောင်းကို စုပြံု မြုပ်နှံထားတာကိုတွေ့ရတယ်လို့ သိရပါတယ်” ဟု မောင်တောမြို့နယ် ရဲစခန်းမှ တာဝန်ရှိ အရာရှိ တစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။
အသတ်ခံရသူများမှာ စွန်တာအာမတ် (၇၀)နှစ်၊ မာမတ်ရှော်ဖီး (၃၀) နှစ် နှင့် မာမတ်စူပိုင် (၂၂) နှစ်တို့ ဖြစ်ကြသည်။
“သူတို့သုံးဦးကို ဘင်္ဂလီ ရွာသားအချင်းချင်း ရန်ငြိုးရန်စရှိလို့ သတ်တာလား၊ မဟုတ်ရင် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အတွက် သတ်ဖြတ်တာလားဆိုတာကို နယ်ခြားစောင့် တာဝန်ရှိသူတွေက စစ်ဆေးနေတယ်။ လက်ရှိမှာတော့ ဘာကြောင့် သတ်ဖြတ်တယ် ဆိုတာ မသိရသေးဘူး ” ဟု သူက ထပ်ပြောသည်။
သူတို့ သုံးဦးမှာ ဇန်နဝါရီ ၂၀ ရက် ညနေ ၆ နာရီ အချိန်က ပျောက်ဆုံးနေကြောင်း သိရသည်။
အလောင်းများကို တူးဖေါ်စစ်ဆေးရာ စွန်တာအာမတ်အား ဦးခေါင်း ငယ်ထိပ်ကွဲ၊ ယာ နားပေါက်ပြဲ၊ နှာခေါင်းဖူးရောင် သွေးထွက်ဒဏ်ရာ များဖြင့်လည်းကောင်း၊ မာမတ်ရှော်ဖီး အား ဦးခေါင်းငယ်ထိပ် ဖူးရောင်၊ နှာခေါင်းကွဲအက်၊ မျက်လုံးနှစ်ဖက် ဖူးရောင်ညိုမဲဒဏ်ရာ များဖြင့်လည်းကောင်း၊ မာမတ်စူပိုင်အား ဦးခေါင်းထိပ်ကွဲအက်၊ မျက်နှာ/ပါးစပ် ဖူးရောင်ဒဏ်ရာများ ဖြင့်လည်းကောင်း သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။
တူးဖော်ရရှိသော အလောင်းများအား မောင်တောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး မောင်တောမြို့နယ်၊ ကြိမ်ချောင်းရဲစခန်း၌ ပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့်ပြီး ဆက်လက် စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။







