မောင်တောမြို့နယ်ရှိ ရခိုင်လူမျိုးများ၏ သက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖျက်ဆီးခံနေရ

မောင်တောမြို့နယ်ရှိ ရခိုင်လူမျိုးများ၏ သက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖျက်ဆီးခံနေရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ရခိုင်လူမျိုးများ သက်မွေးဝမ်းကျောင်း လုပ်ငန်းများမှာ နေ့စဉ်ဓူဝ ဖျက်ဆီးခံနေရကြောင်း ဒေသခံများက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

narinjaraနိရဥ္စရာ သတင်းဌာနမှ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ဖားဝပ်ချောင်း၊ ကြိမ်ချောင်း၊ အောင်မင်္ဂလာ၊ အောင်ဇေယျ ကျေးရွာများနှင့် မောင်တောမြို့နယ် တောင်ပိုင်းရှိ ကင်းချောင်း၊ မောရဝတီ၊ ခရေမြိုင်၊ ဗောဓိကုန်း ကျေးရွာများသို့ သွားရောက်ပြီး ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် တွေ့ဆုံစဉ် ရွာသားများက ထိုသို့ ပြောကြားခဲ့ကြခြင်း ဖြစ်သည်။

မောင်တောမြို့နယ် မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ အရပ်လူကြီး တစ်ဦးဖြစ်သူ ဦးမောင်ဖြူ (၅၉) နှစ်မှ “ ကျွန်တော်ဒီဒေသရဲ့ အဓိက လုပ်ငန်းက ကဏန်းထောင်တဲ့ လုပ်ငန်းနဲ့ တောင်တက်ပြီး လုပ်ကိုင်စားသောက်တဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။ အခု ကဏန်းထောင်ရင် ကဏန်းဗုံး (မြှံုး)တွေကို အနီးအနား ဘင်္ဂလီ ကျေးရွာတွေက ရွာသားတွေက ဖျက်ဆီးပစ်တယ်။ ခြေတွေနဲ့ နှင်းပစ်တယ်။ ဓါးတွေနဲ့ ခုတ်ပစ်တယ်။ တစ်နေ့ မဟုတ်ဘူး။ ချောင်းတွေမှာ ကဏန်း သွားထောင်ရင် လည်းဒီအတိုင်းဘဲ၊ ကမ်းပိုင်တွေမှာလည်း ဒီအတိုင်းဘဲ။ အခု ဖြစ်နေတာက ချောင်းဆင်းလို့ ကဏန်းရှာဖွေ ဖမ်းဆီးဖို့လည်း အခက်အခဲ ဖြစ်နေတယ်။ တောင်ကို တက်ပြီး သစ်ခုတ်၊ ၀ါးခုတ်ပြီး လုပ်ကိုင် စားသောက်ဖို့ အခက်အခဲ ဖြစ်နေပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ကဏန်းဗုံး (မြှံုး) ဆိုသည်မှာ ၀ါးဖြင့် အလုံပိတ် ရက်လုပ်ထားပြီး အပေါက်တစ်ပေါက်တည်း ဖောက်ကာ အစာထည့်၍ ချောင်းထဲတွင် ချပြီး ကဏန်းများကို ထောင်ဖမ်းသော လုပ်ငန်း ဖြစ်သည်။ ရရှိလာသော ကဏန်းများကို ဒေသခံ ရခိုင်လူမျိုးများက မောင်တောမြို့ပေါ်ရှိ ပွဲရုံများသို့ သွားရောင်းပြီး ၀မ်းငွေရသော လုပ်ငန်း တစ်ခု ဖြစ်သည်။

“ ကျွန်တော်တို့ ဒေသမှာက ရွာတိုင်းလိုလိုမှာ အများစုက ကဏန်းထောင်ပြီး အသက်မွေး ကြတယ်။ ဒါကို ဖျက်ဆီးနေတော့ ဒီဒေသက လူတွေ ရေရှည်နေထိုင်ဖို့ စီးပွားရေးအရ ခက်ခဲ လာတယ်။ နယ်ခြားစောင့်ရဲကို သွားတိုင်တော့လည်း သူတို့က ဒီကိစ္စတွေထက် နယ်မြေ လုံခြံုရေးကို အဓိကထား လုပ်ကိုင်နေတော့ ရွာသားတွေတိုင်တာကို အရေးယူဖို့ မလုပ်နိုင်ဘဲ ဖြစ်နေပါတယ်” ဟု ဖါးဝပ်ချောင်းကျေးရွာမှ အစိုးရ အငြိမ်းစား ၀န်ထမ်း တစ်ဦး ဖြစ်သူ ဦးစိန်ထွန်း (၆၇) နှစ်က ပြောသည်။

မောင်တောမြို့နယ် တောင်ပိုင်း အောင်ဇေယျကျေးရွာမှ ဒေါ်သိန်းနု (၅၆) နှစ်ကလည်း“ ဒီမှာ ဘာလုပ်စားမလဲ။ လုပ်စားစရာဘာမှ မရှိပါဘူး။ သမီးက မလေးရှား သွားအလုပ် လုပ်တယ်။ အရင်ခါဆို ကုလားရွာတွေကို သွားပြီး ဟင်းတွေ၊ သီးနှံတွေ သွားရောင်းတယ်။ အခုက ရောင်းလို့ မရဘူး။ လူမှုအဖွဲ့အစည်းတွေက ပေးတဲ့ ကယ်ဆယ်ရေး ရိက္ခာတွေကိုဘဲ အားကိုးနေရပါတယ်။ အရင်ကတော့ ငါးရှာ ဖားရှာ၊ ကဏန်းထောင်ကြတယ်။ အခုက ထောင်ဖို့ မရတော့ပါ။ ကုလားတွေက ဖျက်ဆီးတယ်။ အဲဒါကြောင့် ဘယ်သူမှ မသွားရဲဘူး။ အခု ရွာထဲက ရပေါက် ရှာစားတဲ့ လူတွေလည်း ပြေးကြမယ်ဆိုပြီး ပြောဆိုကြပါတယ်။ ကဏန်းထောင်လို့လည်း မရ၊ စီးပွားရေးလည်း ဘာမှ အဆင်မပြေတော့ တစ်ခြားဒေသတွေကို ပြေးကြမယ်ဆိုပြီး ပြောနေကြပါတယ်။ကျွန်မတို့ကတော့ မပြေးတော့ဘူး။ ဟိုတစ်လောကလည်း ဘူးသီးတောင်ကို ပြေးခဲ့ပြီးပြီ။ အသက်ဘေးဆိုရင်တော့ ပြေးရမှာပေါ့။ အသက်ဘေး မဟုတ်ရင်တော့ မပြေးတော့ဘူးလို့ ဆုံးဖြတ်ထားပါတယ်” ဟု ပြောသည်။

နိုင်ငံတော် အစိုးရအနေဖြင့် မောင်တောဒေသတွင် တိုင်းရင်းသားကျေးရွာများ ရေရှည် တည်တံ့လိုပါက အိမ်ကလေးတစ်လုံး ဆောက်ပေးရုံဖြင့် မလုံလောက်ကြောင်း၊ ဆန်တစ်အိတ် ပေးရုံလောက်နှင့် မလုံလောက်ကြောင်း၊ ရေရှည်ရပ်တည်နေထိုင်ရန် အလုပ်ရုံ စက်ရုံများ တည်ထောင်ပေးရန် လိုကြောင်း၊ ကျေးရွာသားများ အနေဖြင့် ငါးရှာ၊ ကဏန်းဖမ်း၍ မရတော့သလို တောင်တက်ပြီး လုပ်ကိုင်စားသောက်၍လည်း မရတော့သဖြင့် ဤဒေသရှိ ဒေသခံများ ရေရှည် ရပ်တည်နိုင်အောင် အလုပ်ရုံ စက်ရုံများ တည်ထောင်ပေးရန် လိုကြောင်း ဒေါ်သိန်းနုက ပြောကြားသည်။

မောင်တောမြို့နယ် တောင်ပိုင်း အောင်မင်္ဂလာကျေးရွာမှ ဦးသန်းလွှင် (၅၇) နှစ် က “ ဒီရွာမှာ အိမ်ခြေ ၁၀၅ ဆောင်ရှိပါတယ်။ လူဦးရေက ကျားမ ၅၇၀ လောက်ရှိပါတယ်။ လက်ရှိ ကြံုတွေ့ နေရတဲ့ အခက်အခဲက ဘယ်မှ ထွက်လို့ လဲမရဘူး။ ကိုယ်အိမ်ထဲမှာ ကိုယ်အောင်းနေရတယ်။ ဘာမှ ထွက်ရှာစားလို့ မရဘူး။ ရှာစားရင်လည်း ကုလားတွေက အနှောင့်အယှက်ပေးထားတယ်။ လုပ်ကိုင်စားသောက်တာက ခုနက ပြောသလို ကဏန်းမြံုးထောင်တယ်။ ချောင်းတွေကို ဆင်းပြီး ကဏန်းမြံုးထောင်တယ်။ သူတို့က ကဏန်းမြံုးတွေကိုခိုးပြေးတယ်။ လွှင့်ပစ်လိုက်တယ်။ မဟုတ်ရင် အားလုံးကို လှေတွေနဲ့ စင်းလုံးပြည့် ခိုးယူပြေးသွားတယ်။ လုပ်တာက သက်ကယ်ပြင်တို့၊ လှဖိုးခေါင်စတဲ့ ကျေးရွာတွေက ကုလားတွေ ဖြစ်ပါတယ်။ အစိုးရကတော့ လယ်သုံးဧက ပေးတယ်။ ဒါနဲ့လည်း မိသားစု ရပ်တည်ဖို့ မလုံလောက်ဘူး။” ဟု သူက ဆိုသည်။

ယခုကဲ့သို့ အနှောင့်အယှက် ပေးခံနေရသော ကိစ္စကို နယ်ခြားစောင့်ရဲတပ်ဖွဲ့အား သတင်းပို့ တိုင်ကြားထားကြောင်း၊ လူကြီးများရောက်လာကလည်း တိုင်ကြားပါကြောင်း၊ သို့သော်လည်း လောလောဆယ်တွင် ကဏန်းမြံုးများအား ဖျက်ဆီးသူများကို တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခြင်း မရှိသေးကြောင်း သူက ပြောကြားသည်။

Most read this week

January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...